ပုလော၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်း ပုလောမြို့နယ်ထဲမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေတာကြောင့် မြိတ်-ပုလော-ထားဝယ်ပြည်ထောင်စုလမ်းမကြီး အသုံးမပြုကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က တပ်အင်အား ၂၀၀ ကျော်နဲ့ မြိတ်အခြေစိုက် တပ်ရင်းကနေတစ်ဆင့် ပုလောမြို့နယ် ကြဲကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် အောက်တိုဘာ ၁၄ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတာပါ။

အောက်တိုဘာ ၁၆ ရက်နေ့ကလည်း ကြဲကျေးရွာနဲ့ မီးလောင်ချောင်းကျေးရွာကြားက ပြည်ထောင် စုလမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ မြိတ်အခြေစိုက် လေတပ်စခန်းကနေ ကြဲကျေးရွာအနီးတစ်ဝိုက်ကို လေကြောင်းနဲ့နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒါကြောင့်ပြည်သူတွေအနေနဲ့ မြိတ်- ပုလော-ထားဝယ် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြုပြီး ခရီးသွားလာခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တွေရဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲတွေအပြင် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုတွေကြောင့် ကြဲကျေးရွာအုပ်စုက ကြဲ၊ မီးလောင်ချောင်းနဲ့ စက်တော်ရာစတဲ့ ကျေးရွာတွေက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – PDF/Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.