သာယာဝတီ၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ ထောင်ပြင်ပဆေးရုံကို အချိန်မီ ပို့ဆောင်ပေးခြင်း မရှိတဲ့အတွက် နိုင်ငံရေးအကျဉ်းသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံမှ သိရပါတယ်။

အသက် ၄၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့က ဘားအံမြို့မှာ ဖမ်းဆီးခံရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေဖြစ်တဲ့ ၅၀ (ဂ)၊ ၅၀ (ည) တို့နဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေ ဖမ်းဆီးချိန်ကတည်းက ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပြီး အဲဒီနောက် ဘားအံမြို့ တောင်ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရတာပါ။

နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော်ဟာ တောင်ကလေးထောင်မှတဆင့် ကျိုက်မရောထောင်ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ရပြီး ကျိုက်မရောထောင်မှတစ်ဆင့် သာယာဝတီအကျဉ်းထောင်ကို ထပ်မံပြောင်းရွှေ့ပြီးနောက် တိုက်ထဲမှာ ချုပ်နှောင်ထားတာပါ။

စစ်ကောင်စီတပ်သားတွေရဲ့ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုအပြင် အသည်းရောဂါ ပြင်းထန်လာတဲ့ ကိုဌေးအောင်ကျော်ကို အခုနှစ် ဇူလိုင်မှာ ထောင်ပြင်ပဆေးရုံကို ပို့ပေးခဲ့ပြီး စက်တင်ဘာလမှာ ရောဂါပြန်လည် သက်သာလာကြောင်း ပြောဆိုပြီး သာယာဝတီထောင်ကို ပြန်လည် ခေါ်ဆောင်ခဲ့တယ်လို့ PPNM က ဆိုပါတယ်။

သာယာဝတီထောင်မှာ နှစ်ပတ်ခန့်အကြာ ပြန်လည်နေထိုင်ချိန် အသဲရောဂါ ပိုမိုဆိုးရွာလာပြီး အချိန်မီ ထောင်ပြင်ပဆေးရုံကို ပို့ဆောင်နိုင်ခြင်းမရှိတဲ့အတွက် ပြင်ပဆေးရုံရောက်ချိန်မှာ သတိလစ်မေ့မြောကာ အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်မှာ သေဆုံးခဲ့ရတယ်လို့ PPNM ပြောခွင့်ရ ကိုသိုက်ထွန်းဦးက ပြောပါတယ်။

အကျဉ်းထောင်တွေမှာ ထောင်အာဏာပိုင်တွေက အကျဉ်းသားတွေကို ဆေးဝါးပို့ဆောင်မှု ကန့်သတ်လိုက်တာအပြင် နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးအကျဉ်းသူတွေကို ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ဆေးဝါးကုသခွင့် ရရှိရေးမှာလည်း အလှမ်းဝေးလာတာကြောင့် အသက်သေဆုံးတာတွေ ပိုမိုမြင့်တက်လာခဲ့တယ်လို့ PPNM က ဆိုပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ ၁၅ ရက်နေ့အထိ အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် နိုင်ငံရေးအကျဉ်းသား ကိုဌေးအောင်ကျော် အပါအဝင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ စုစုပေါင်း ၁၄ ဦး သေဆုံးခဲ့တယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.