လောင်းလုံး၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ဂေါ့အင်းကျေးရွာအတွင်း ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် မိသားစုဝင်ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်မှာ ဂေါ့အင်းကျေးရွာအနီး ပစ်ခတ်သံ တွေ ကြားရပြီးနောက် ကျေးရွာထဲဒရုန်းဗုံးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈ နှစ်အရွယ် မောင်ရှိုင်းဝဏ္ဏအောင်၊ အသက် ၁၃ နှစ်အရွယ် မနှင်းဝင့်ဝါ၊ အသက် ၂၀ အရွယ် မနုနုလှိုင်၊ အသက် ၂၁ နှစ်အရွယ် မသက်သက်ဝေ၊ အ သက် ၅၂ နှစ်အရွယ် ဒေါ်သိန်းရီတို့ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒရုန်းဗုံးကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မိသားစုဝင်ငါးဦးဟာ ဒေသခံတွေအကူအညီနဲ့ လောင်းလုံးဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အဲဒီနေ့က ဂေါ့အင်းကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

ဂေါ့အင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့ ဒရုန်းဗုံးဟာ စစ်တပ် ဒရုန်းဖြစ်ကြောင်းနဲ့ အခုစစ် ဆင်ရေးအတွင်း စစ်ကောင်စီဘက်က ဒရုန်းအမြောက်အမြား အသုံးပြုလာတာ တွေ့နေရတယ်လို့ တော်လှန်ရေးရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ကလည်း စပ်ပြဲကျေးရွာအနီး ဒရုန်းဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ ကျော်အရွယ် အမျိုးသားတစ်ဦးအပါအဝင် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လောင်းလုံးမြို့နယ်ထဲမှာ အခုလအတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာ၊ နှစ်ဖက်တိုက်ပွဲတွေကြောင့် ညှင်းမော်၊ ညှင်းပုတ်၊ စပ်ပြဲ၊ ရေဖြူနဲ့ ဂေါ့အင်းကျေးရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.