နေပြည်တော် ၊ အောက်တိုဘာ ၁၇

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲကာလတွေမှာ လုံခြုံရေးအတွက် အပစ်ရပ်ထိုး EAO တွေကို ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်က လေ သံပစ်လာပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့က ကျရောက်တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ချုပ်ဆိုခြင်း ၉ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

အာမခံထားတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာ ကျင်းပပေးနိုင်ဖို့ စီမံနေပြီး နယ်မြေဒေသအလိုက် ရွေးကောက်ပွဲကျင်းပနိုင်တဲ့ လုံခြုံရေးအခြေအနေရောက်အောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေတွေကို တွက်ဆပြီး လုံခြုံရေးကောင်း မွန်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်သလို သက်ဆိုင်ရာ EAO တွေကလည်း ပူးပေါင်းပါဝင်ပေးကြဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါဟာ စစ်ကောင်စီနဲ့ ပုလဲနံသင့်ပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် တွေ့ဆုံဆွေးနွေးနေကြတဲ့ အပစ်ရပ်ထိုး EAO တွေကို ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် အသုံးချဖို့ ကြိုးပမ်းတဲ့သဘောလို့ သံလွင်တိုင်းမ်က နားလည်ရပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ရွေးကောက်ပွဲမှာ EAO တွေ အားပေးတဲ့သဘောနဲ့ လူကြားကောင်းအောင် ဝါဒဖြန့်နေတာဖြစ်ပြီး လက်တွေ့မှာ အဓိ ပ္ပာယ်မရှိဘူးလို့ သုံးသပ်ပါတယ်။

“ဒါတွေက (အပစ်ရပ်ထိုး) EAO တွေ ပါဝင်တယ်ဆိုပြီး လူကြားကောင်းအောင် ပြောတဲ့ကိစ္စပါ။ ဘာမှကို သိပ်ပြီးတော့ ထိရောက်မှုလည်းမရှိဘူး။ ဒါကြောင့်မို့ ဒီအဖွဲ့တွေ ပါဝင်ပြီးတော့ ရွေးကောက်ပွဲကို ဝင်ရောက်ပြီး ကာကွယ်ပေးတာတွေ အားပေးတာတွေလုပ်နေလည်း စစ်ကောင်စီ ရွေးကောက် ပွဲက ပိုပြီးတော့ ထူးခြားမလာနိုင်ပါဘူး။ ဒါကြောင့်မို့ အဲဒီပြောဆိုမှုတွေက ဝါဒဖြန့်နေတာဖြစ်ပြီး လက်တွေ့မြေပြင်မှာတော့ ဘာမှအဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်တော့ သုံးသပ်ပါတယ်ခင်ဗျာ” လို့ ဆိုပါတယ်။

အပစ်ရပ် EAO တွေ အများစုဟာ အင်အားမရှိတဲ့အတွက် စစ်ရေးလှုပ်ရှားမှုမရှိသလို နယ်မြေစိုးမိုးမှုတွေကလည်း ဒေသအများအပြား မရှိနိုင်တဲ့အတွက် စစ်ကောင်စီရဲ့ ရွေး‌ကောက်ပွဲဆိုင်ရာတွေမှာ ပါဝင်ပူးပေါင်းဖို့ မဖြစ်နိုင်ဘူးလို့ သူကထောက်ပြပါတယ်။

တစ်ဘက်မှာ လက်ရှိ လက်နက်ကိုင်တော်လှန်ရေးအပေါ် အပစ်ရပ် EAO တွေထဲက ရခိုင်အမျိုး သားလွတ်မြောက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်တို့ အုပ်စုတွင်းအသွင်မတူတဲ့ ရပ်တည်ချက်တွေ ဖြစ်ပေါ်နေတာပါ။

ဒီအခြေအနေတွေကြောင့် ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် ပူးပေါင်းပါဝင်ဖို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ အပစ်ရပ် EAO တွေဘက်က လိုက်လျောလိမ့်မှာမဟုတ်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပြန်ပါတယ်။

အလားတူ စစ်ကောင်စီဘက်ကလည်း နိုင်ငံအနှံ့နီးပါး ရင်ဆိုင်နေရတဲ့ ထိုးစစ်တွေနဲ့ လက်လွှတ်ခဲ့ရတဲ့ စိုးမိုးနယ်မြေတွေကြောင့် ရွေးကောက်ပွဲဖြစ်ဖို့ခဲယဉ်းတဲ့ အခြေအနေတစ်ရပ်ပါ။

စစ်ကောင်စီရဲ့ နယ်မြေစိုးမိုးမှုကို ပြန်ကြည့်ရင် ဗဟိုအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဌာနချုပ်ရုံးစိုက်တဲ့ နေပြည်တော်အပါအဝင် ရန်ကုန်၊ မန္တလေးစတဲ့ မြို့ ကြီးပြကြီးတွေ မြို့ပေါ်တွေလောက်သာ အ ပြည့်အဝ ထိန်းချုပ်ထားနိုင်ပါတယ်။

မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့ မြန်မာနိုင်ငံမှာ မြို့နယ် ၁၀၀ နီးပါးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်းတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ PDF တွေက ထိန်းချုပ်လွှမ်းမိုးထားပြီး ကျန်တဲ့မြို့နယ်တစ်ဝက်မှာ အပြန်အလှန်တိုက်ခိုက်နေကြတာပါ။

BNI-Myanmar Peace Monitor ရဲ့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ အချက်အ လက်တွေအရ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ မြို့ပေါင်းဟာ ၈၁ မြို့ အထိ ရှိလာပါပြီ။ အဲဒီမြို့တွေရဲ့ အုပ်ချုပ်ရေးအဆင့်ကိုကြည့်ရင် ခရိုင်အဆင့်ကနေ မြို့ နယ်၊ မြို့ နယ်ခွဲအဆင့်အထိ ပါဝင်တာ တွေ့ရပါတယ်။

စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းစဉ်ကဏ္ဍတွေမှာ EAO တွေရော တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကပါ လုံခြုံရေးအသိ၊ လုံခြုံရေးအမြင်တွေ ထားရှိပြီး တစ်တပ်တအား ပူးပေါင်းပါဝင်မှုတို့နဲ့ နိုင်ငံ့သားကောင်းစိတ်ဓာတ်ကို ပြသကြဖို့ တိုက်တွန်းခဲ့သေးတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းကတောာ့ ရွေးကောက်ပွဲအတွက် တကယ်လို့ (အပစ်ရပ်) EAO တွေက မိမိတို့လှုပ်ရှားတဲ့ဒေသမှာ အကာအကွယ်အဟန့်အတားပြုခဲ့ရင် စစ်ရေးအရ ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မိုးမပြိုဘူး ပြိုခဲ့သည်ရှိသော်ဆိုတဲ့ ဆိုရိုးစကားအတိုင်း တကယ်လို့ (အပစ်ရပ်) EAO တွေက မိမိတို့ လှုပ်ရှားတဲ့ဒေသမှာ အဲဒီလိုအကာအကွယ် အဟန့်အတားပြုခဲ့ရင် EAO တပ်တွေကိုလည်း စစ်ကောင်စီအား အကူအညီပေးနေတဲ့ တပ်တွေအဖြစ် စစ်ကောင်စီတပ်အဖြစ် သတ်မှတ်ပြီး စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့ရင်လည်း ဖြစ်တဲ့အတိုင်း စစ်ရေးအရ ပြတ်ပြတ်သားသား အ ရေးယူသွားမှာပါ”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အပစ်ရပ်ထိုး EAO တို့ သုံးပွင့်ဆိုင်တွေ့ဆုံမှုမှာ တိုင်းရင်းသားလက်နက်ကိုင်ဒေသတွေအတွင်း ရွေးကောက်ပွဲကျင်းပရာမှာ လို အပ်တဲ့ ပူးပေါင်းမှုတွေ လုပ်ဆောင်ပေးနိုင်မယ့် အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သေး တာပါ။

သံလွင်တိုင်းမ်အနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ စစ်ခေါင်းဆောင် ပြောဆိုမှုနဲ့ပတ်သက်ပြီး အပစ်ရပ် EAO တွေရဲ့ သဘောထားတွေသိရှိနိုင်ဖို့ သုံးဖွဲ့ထက်မနည်း ဆက်သွယ်ခဲ့ရာ လက်ခံဖြေကြားခြင်းမရှိသလို မှတ်ချက်ပြုခြင်းလည်း မရှိခဲ့ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.