မော်လမြိုင် ၊ အောက်တိုဘာ ၁၇

နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ စစ် မှုထမ်းအပတ်စဉ် ၆ ထပ်မံခေါ်ယူလိုက်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ် ၆ အတွက် စစ်သားစုဆောင်းခံရတဲ့သူတွေကို အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိ အမှတ် ၆ ပညာရေးကျောင်းမှာ သွားရောက်တွေ့ဆုံပြီး ထောက်ပံ့ငွေတွေ ပေးအပ်ခဲ့တာပါ။

စစ်မှုထမ်းအပတ်စဉ် ၆ မှာ သင်တန်းတက်ရောက်မယ့် သင်တန်းသားအရေအတွက်ကို စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ထားတာမရှိပေမယ့် ဓာတ်ပုံမှတ်တမ်းတွေအရ စစ်သားစုဆောင်းခံရသူ ၁၀၀ ကျော် ရှိနိုင်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ နိုင်နဂါးကတော့ စစ်မှုထမ်းသင်တန်းတွေ ခပ်စိပ်စိပ်ခေါ်ယူနေတာဟာ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ဖို့နဲ့ စစ်မြေပြင်မှာ သေဆုံးသွားတဲ့ သူတို့ရဲ့ စစ်သားတွေနေရာမှာ အစားထိုးဖို့ဖြစ်တယ်လို့ ပြောပါတယ်။

“စစ်ကောင်စီ ခေါင်းဆောင်ပိုင်းတွေရဲ့ ကိုယ်ကျိုးစီးပွားကို ကာကွယ်ပေးဖို့ နောက်ပြီးတော့ ရှေ့ တန်းစစ်မြေပြင်တွေမှာ အတုံးအရုံးသေဆုံးနေကြတဲ့ သူတို့ရဲ့ ဒီစစ်သားတွေကို ပြန်လည်အားဖြည့်ဖို့အတွက် ဒီစစ်မှုမထမ်းမနေရဥပဒေနဲ့ ပြဋ္ဌာန်းပြီးတော့ လူငယ်တွေကို သွပ်သွင်းတဲ့အပြင် စစ်ကောင်စီက ပြည်သူတွေကို ရှေ့မတိုးသာ နောက်မဆုတ်သာ ဒီဘေးကျပ်နံကျပ်ဖြစ်အောင် တွန်းပို့နေတယ်လို့ ကျွန်တော်မြင်တယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ အတင်းအကျပ် ဆင့်ခေါ်မှုကြောင့် စစ်မှုထမ်း သင်တန်းတက်ရောက်ရသူတွေအနေနဲ့ အလျဉ်းသင့်ရင်သင့်သလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ လာရောက်ပူးပေါင်းကြဖို့ သူက တိုက်တွန်းတာပါ။

ဒေသတွင်းမှာတော့ စစ်မှုထမ်းဖို့အတွက် အရင်ကရွှေ့ပြောင်းလုပ်သားတွေကို တစ်ဦးလျှင် ငွေကျပ်သိန်း ၃၀ ကနေ ကျပ်သိန်း ၅၀ ဝန်းကျင်ထိ ပေးဆောင်ကာ လူစားလဲပြီး စစ်မှုထမ်းခိုင်းနေရာမှ လက်ရှိမှာတော့ ရှေ့တန်း စစ်မြေပြင်တွေမှာ သေဆုံးမှုများလာတဲ့အတွက် အငှားလိုက်သူ နည်းပါးလာတာပါ။

စစ်မှုထမ်းအငှားလိုက်သူ နည်းပါးလာတာကြောင့် စစ်ကောင်စီခန့် ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ ရပ်ကွက်တွေအတွင်းရှိ လူငယ်တွေကို ဆင့်ခေါ်တာတွေ ပြုလုပ်လာတဲ့အတွက် လုံခြုံမှုကင်းမဲ့လာတယ်လို့ ဒေသခံလူငယ်တွေက ပြောကြပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ က နေ အပတ်စဉ် ၆ အထိ စစ်သားစုဆောင်းခံရသူ ၁၂၀၀ ကျော်အထိ ရှိလာခဲ့တာပါ။

စစ်သားစုဆောင်းခံရသူတွေကို သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် အမှတ် ၄ တပ်မ တော်တန်းမြင့် သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်းတွေမှာ စစ်သင်တန်း ပို့ချနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.