မော်လမြိုင် ၊ အောက်တိုဘာ ၁၇

ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာတဲ့အတွက် အောက်တိုဘာ ၂၀ ရက်နေ့ကစပြီး မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခနှုန်းထားတွေကို တိုးမြှင့်ကောက်ခံသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့မီးရထားဌာနက ကြေညာပါတယ်။

ရထားလက်မှတ်ခနှုန်းထားတွေ တိုးမြှင့်ကောက်ခံရတာဟာ ဒီဇယ်ဆီဈေးနှုန်း တိုးမြင့်လာမှုအပေါ် လက်ရှိဆီဈေးနဲ့ လိုက်လျောညီထွေမှု ရှိစေဖို့အတွက် လက်မှတ်ခနှုန်းထားတွေ ပြောင်းလဲပြင်ဆင် တိုးမြှင့်လိုက်ရတာလို့ ဆိုပါတယ်။

တိုးမြှင့်လိုက်တဲ့ ရထားလက်မှတ်ခ နှုန်းထားတွေအရ လေအိတ်ရထားတွဲဆိုင်းရဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် အထက်တန်းကို ကျပ် ၁၁,၀၀၀ ကနေ ကျပ် ၁၃,၀၀၀ ၊ ရိုးရိုးတန်းကို ကျပ် ၆,၀၀၀ ကနေ ကျပ် ၈,၀၀၀ အထိ တိုးမြှင့်သတ်မှတ်လိုက်တာပါ။

ဒါ့အပြင် ရိုးရိုးတွဲဆိုင်းရဲ့ မော်လမြိုင်-ရန်ကုန် ခရီးစဉ်အတွက် အထက်တန်းကို ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၁၂,၀၀၀၊ ရိုးရိုးတန်းကို ကျပ် ၅,၀၀၀ ကနေ ကျပ် ၇,၀၀၀ အထိ ပြင်ဆင်တိုးမြှင့်လိုက်ပါတယ်။

မော်လမြိုင်-ရန်ကုန် ရထားလက်မှတ်ခ နှုန်းထားတွေဟာ အခုတစ်ခေါက်မှ တိုးမြှင့်သတ်မှတ်တာ မဟုတ်ဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁ ရက်နေ့ကလည်း ဒီဇယ်ဆီဈေးနှုန်း မြင့်တက်လာတယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့ တိုးမြှင့်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့မီးရထားဌာနကတော့ သီတင်းကျွတ် ပိတ်ရက်ကာလအတွင်း ခရီးသွားလာရာမှာ အဆင်ပြေစေဖို့အတွက် အောက်တိုဘာ ၁၅ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ သီတင်းကျွတ် အထူးရထား အစုန်၊ အဆန်ကို ထပ်တိုးပြေးဆွဲပေးသွားမယ်လို့ အသိပေးကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.