ကော့သောင်း၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် မလိဝမ်းကျေးရွာအုပ်စုမှာ သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ ပျူစောထီအဖွဲ့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်စီးနင်းခံရတာကြောင့် ပျူစောထီးအဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူပြီးစီးလို့ အောင်ပွဲခံနေတဲ့ မလိဝမ်းကျေးရွာအုပ်စု ၁၉ မိုင်ကျေးရွာက ပျူစောထီအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေကို အောက်တိုဘာ ၁၅ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်စီးနင်းခဲ့တာပါ။

တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ အောင်ပွဲခံနေတဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ဝင်ရောက်စီးနင်းချိန်မှာ ၇ ဦး ဝန်းကျင်သာရှိပြီး ကျန်တဲ့အဖွဲ့ဝင်တွေက ပြန်သွားကြပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီဝင်ရောက်စီးနင်းမှုအတွင်း ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မှ ပျူစောထီး ဦးနောင်နီနဲ့ ဦးဘဦးတို့ နှစ်ဦးကို အသေဖမ်းဆီးရရှိခဲ့ပြီး ကျန်အဖွဲ့ဝင်တွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ကော့သောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် ည ၉ နာရီအချိန်ခန့်ကစပြီး စစ်ကောင်စီရဲ့ ခမောက်ကြီးအခြေစိုက်တပ်ကနေ မလိဝမ်းကျေးရွာဘက်ကို လက်နက်ကြီး ၁၀ ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အင်အား ၅၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ဟာ မလိဝမ်းကျေးရွာဘက်ကို ရောက်ရှိနေပြီး လမ်သွားလမ်းလာတွေကို စစ်ဆေးတာနဲ့ ကင်းပုန်းဝပ်တာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကော့သောင်းမြို့မှာတော့ စစ်ကောင်စီရဲ့ သန်းခေါင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းတွေ ပြီးစီးသွားပြီး ဖြစ်သလို တော်လှန်ရေးအင်အားစုတွေဘက်ကလည်း စစ်မှုထမ်းဥပဒေနဲ့ သန်းခေါင်စာရင်း ကောက်ယူခြင်း ကိစ္စရပ်တွေမှာ မပါဝင်ကြဖို့ အကြိမ်ကြိမ် သတိပေးစာတွေ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၁၆ ရက်နေ့ကလည်း ခမောက်ကြီးမြို့နယ် ၁၈ မိုင်အနီးရှိ အမှတ် ၅၉၅ ခြေမြန်တပ်ရင်းရဲ့ လုံခြုံရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကော့သောင်း ပကဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.