ရေဖြူ၊ အောက်တိုဘာ ၁၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ်ရှိ ရေဖြူတံတား စစ်ဆေးရေးဂိတ် ဝင်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။

တပ်အင်အား ၁၀ ဦးကျော် တပ်စွဲထားတဲ့ ရေဖြူတံတားထိပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှာ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် အချိန်တစ်နာရီနီးပါးအကြာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ကျားသစ်နက်တပ်ဖွဲ့ ရဲဘော်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရေဖြူတံတား စစ်ဆေးရေးဂိတ်ဟာ ပုံမှန်ဆိုရင် စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင် တပ်စွဲထားလေ့ရှိပြီး အဲဒီနေ့မှာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သာ ရှိတာကြောင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီစီးနင်းမှုအတွင်း စစ်ကောင်စီထံမှ သေနတ်တစ်လက်၊ ကျည်ဆံ ၇၀၀ တောင့်ကျော်၊ ကျဉ်ဘောက် ၅ ခု၊ ဗုံးသီး ၉ လုံး၊ စကားပြောစက်တစ်လုံးနဲ့ ဒရုန်းတစ်စင်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ရေဖြူတံတား စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတကြောင့် အဲဒီညနေပိုင်းမှာပဲ ရေဖြူအခြေစိုက်တပ်ရင်းတွေက အင်အား ၅၀ ဝန်းကျင် စစ်ကူရောက်လာပြီး တံတားဂိတ်မှာ ပြန်လည်တပ်စွဲထားတယ်လို့ ဆိုပါတယ်။

ရေဖြူတံတား စစ်ဆေးဂိတ်ဟာ အရပ်သားပြည်သူတွေနဲ့ ခရီးသွားပြည်သူတွေကို အော်ဟစ် ခြိမ်းခြောက်တာတွေအပြင် ငွေးကြေးကောက်ခံနေပြီး နည်းမျိုးစုံနဲ့ စစ်ဆေးနေတဲ့ ဂိတ်တစ်ခုဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့ကလည်း ရေဖြူတံတားထိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေ အလစ်ငိုက် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.