ဗီယန်ကျန်း၊ အောက်တိုဘာ ၁၂

မြန်မာကို အထီးကျန်နိုင်ငံဖြစ်အောင် ပစ်မထားသင့်ဘူးလို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက လာအိုနိုင်ငံ ဗီယန်ကျန်းမြို့မှာ ကျင်းပတဲ့ အာဆီယံညီလာခံမှာ တိုက်တွန်း ပြောကြားခဲ့ပါတယ်။

မြန်မာ့ပြဿနာကို ဖြေရှင်းရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အရေးကြီးကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိရေးလည်း အရေးကြီးကြောင်း ဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့တယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် ဂျိုင်ဒိဗ် မာဇွမ်ဒါက အောက်တိုဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ ဝန်ကြီးဌာန သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ ဒီမိုကရေစီစနစ် ပြန်လည် ကျင့်သုံးနိုင်ရေး နိုင်ငံအားလုံးက ပူးပေါင်း ကူညီပေးသင့်တယ်လို့လည်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည် ဖော်ပါ့မယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သဘောတူထားခဲ့ပေမယ့် အကောင်အထည် ဖော်ဖို့ ပျက်ကွက်နေပါတယ်။

နိုင်ငံတဝန်း ရှုံးနိမ့်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပမယ်ဆိုပြီး သန်းခေါင်စာရင်း ကောက်ယူနေပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာပြီးနောက်မှာ စစ်ကောင်စီက အရင်က တက်ရောက်ခွင့် မရခဲ့တဲ့ အာဆီယံ ညီလာခံကို နိုင်ငံခြားရေး အတွင်းဝန် တစ်ဦး စေလွှတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ အခုအချိန်အထိ တင်းမာနေဆဲ ဖြစ်ပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေ အများအပြား ဖြစ်ပွားနေတာကြောင့် ဒေသဆိုင်ရာ လုံခြုံရေး စိုးရိမ်စရာ အခြေအနေတွေ ဖြစ်ပေါ်နေတယ်လို့လည်း ဝန်ကြီးချုပ် မိုဒီက ပြောပါတယ်။

စစ်ကောင်စီ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ အနောက်တိုင်းနဲ့ မြန်မာ့ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေက ပြောဆိုထားပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ အုပ်ချုပ်မှု တရားဝင် ဖြစ်စေရေး ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ရခိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ အိန္ဒိယက စိုးရိမ်နေပြီး နှစ်နိုင်ငံ နယ်စပ်မှာ ခြံစည်းရိုးခတ်ဖို့ စီစဉ်နေပါတယ်။

တိုက်ပွဲတွေကြောင့် ရခိုင်မှာရှိတဲ့ အိန္ဒိယရဲ့ ပို့ဆောင်ရေး စီမံကိန်းကြီးဟာလည်း မရေမရာ ဖြစ်နေပါတယ်။

နယူးဒေလီအစိုးရ အနေနဲ့ စစ်ကောင်စီ တစ်ခုတည်းနဲ့ စေ့စပ်နေတာတွေ မလုပ်ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စေ့စပ်ညှိနှိုင်းသင့်တယ်ဆိုတဲ့ တိုက်တွန်းမှုတွေ ထွက်ပေါ်နေပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲ ကျင်းပမယ် ဆိုတဲ့ ကြေညာချက်နဲ့ အတူ တခြားနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှု အနည်းငယ် စတင် ရရှိလာတာကိုလည်း တွေ့မြင်ရပါတယ်။

Ref:Times of India

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.