ဒူဘိုင်း၊ အောက်တိုဘာ ၁၁

ပဋိပက္ခတွေ အရှိန်မြင့်တက်လာချိန် အီရန် ရေနံစက်ရုံတွေကို အစ္စရေး မတိုက်ခိုက်ရေး တားဆီးပေးဖို့ အမေရိကန်ထံ ပင်လယ်ကွေ့ နိုင်ငံတွေက စည်းရုံးပြောဆိုနေကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ပဋိပက္ခမှာ ကြားညပ်နိုင်တဲ့ အခြေအနေကို ရှောင်ရှားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ ဆော်ဒီအာရေးဗီးယား၊ ယူအေအီးနဲ့ ကာတာ အပါအဝင် ပင်လယ်ကွေ့ နိုင်ငံတွေက အစ္စရေးအနေနဲ့ အီရန်ကို တိုက်ခိုက်ရာမှာ သူတို့ရဲ့ ဝေဟင်ပိုင်နက်ကို အသုံးမပြုဖို့ တားမြစ်ထားပြီး အမေရိကန်ကိုလည်း တားဆီးပေးဖို့ စည်းရုံး ပြောဆိုနေကြတယ်လို့ အစိုးရ အသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် သုံးခုက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ အတွက် အီရန်ကို လက်စားချေမယ်လို့ အစ္စရေးက ကြွေးကြော်ထားပြီး မိမိတို့ကို လက်စားချေတိုက်ခိုက်မယ်ဆိုရင် အစ္စရေးအနေနဲ့ ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရလိမ့်မယ်လို့ အီရန်က ခြိမ်းခြောက်ထားတာကြောင့် ပိုကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ပွဲမှာ အမေရိကန်လည်း ဝင်ပါရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။

အီရန် ရေနံစက်ရုံတွေကို အစ္စရေးက တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ဆွန်နီ မွတ်ဆလင် ပင်လယ်ကွေ့ အိမ်နီးချင်းတွေ အနေနဲ့ သူတို့ရဲ့ သြဇာကို သုံးပြီး အမေရိကန်အစိုးရကို သံတမန်ရေး အရ ညှိနှိုင်းခိုင်းဖို့ အာရပ်မဟုတ်တဲ့ ရှီဟိုက် မွတ်ဆလင် အီရန်က တိုက်တွန်းထားပါတယ်။

တိုက်ခိုက်မှု ပြုလုပ်ရာမှာ အစ္စရေးကို အကူအညီ တစ်ခုခု ပေးမယ်ဆိုရင် ဆော်ဒီအာရေးဗီးယားရဲ့ ရေနံစက်ရုံတွေ ဘေးကင်းရေးကို မိမိတို့ အာမ မခံနိုင်ဘူးလို့ အီရန်က သတိပေးထားပါတယ်။

အစ္စရေးက အီရန် ရေနံစက်ရုံတွေကို တိုက်နိုင်ခြေရှိနေချိန်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီးဟာ ကာတာနိုင်ငံသို့ ရောက်ရှိနေပါတယ်။

ဆော်ဒီအာရေးဗီးယားအနေနဲ့ သူတို့ရဲ့ ဝေဟင်ပိုက်နက်ကို အစ္စရေးအတွက် ဖွင့်ပေးလိုက်မယ်ဆိုရင် စစ်ပွဲ ဆင်နွှဲတာပဲလို့ အီရန်က မှတ်ယူမှာ ဖြစ်ကြောင်း သတိပေးထားတယ်လို့ ဆော်ဒီအာရေးဗီးယား တော်ဝင်တရားရုံးနဲ့ နီးစပ်တဲ့ သူတစ်ဦးက ပြောကြားထားပါတယ်။

အီရန်ကို တိုက်ခိုက်ဖို့ အစ္စရေးအား ဒေသတွင်းက ကူညီခဲ့မယ်ဆိုရင် အီရန်မဟာမိတ်တွေက အဲဒီနိုင်ငံတွေကို လက်တုံ့ပြန်လိမ့်မယ်လို့ တီဟီရန်က ခြိမ်းခြောက်ထားကြောင်း သံတမန် သတင်းရင်းမြစ် တစ်ခုက ပြောကြားခဲ့ပါတယ်။

ဒီလို အီရန်-အစ္စရေး အခြေအနေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ အမေရိကန်နိုင်ငံသို့ အင်အားပြင်း ဟာရီကိန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုတွေကြောင့် အောက်တိုဘာ ၉ ရက်မှာ ကမ္ဘာ့ရေနံဈေး ၄ ရာခိုင်နှုန်း မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.