မော်လမြိုင် ၊ အောက်တိုဘာ ၁၂

မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ ကန့်အသတ်နဲ့သာ ရောင်းချဖို့ စမတ်ကတ်စနစ်ကို စစ်ကောင်စီက အတည်ပြုပြီးဖြစ်တယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်ကစလို့ နိုင်ငံအတွင်းရှိ မြို့နယ်တော်တော်များများမှာ စက်သုံးဆီ ပြတ်လပ်မှု ဖြစ်ပေါ်တာ၊ အချိန်ကြာမြင့်စွာ တန်းစီဝယ်ယူရတာ၊ လိုသလောက် ဝယ်ယူလို့မရတဲ့ အခြေအနေထိ ဖြစ်ပေါ်ခဲ့တာပါ။

အခုလိုဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီက စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေကို ခေါ်ယူဆွေးနွေးကာ အကန့်အသတ်နဲ့ ရောင်းချသွားမယ့် စမတ်ကတ်စနစ်ကို စတင်ကျင့်သုံးဖို့ အတည်ပြုပြီး ဖြစ်တယ်လို့ သိရပါတယ်။

စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးကတော့ လက်ရှိစက်သုံးဆီကို စမတ်ကတ်စနစ်နဲ့ ရောင်းချဖို့အတွက် ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးတိုင်းမှာ စတင်အကောင်အထည်ဖော်ဖို့ ဆုံး ဖြတ်ထားပြီးဖြစ်သလို အဲဒီကတဆင့် တခြားတိုင်းနဲ့ ပြည်နယ်တွေကို တိုးချဲ့သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“ရန်ကုန်၊ နေပြည်တော်၊ မန္တလေးတိုင်းကတော့ အဲဒါအကောင်အထည်ဖော်ဖို့ကတော့ သူတို့ ဆုံး ဖြတ်ထားတာပေါ့နော်။ ကျန်တဲ့ပြည်နယ်နဲ့တိုင်းတော့ မရောက်သေးဘူး။ အခုလက်ရှိ ဒီပိုင်းလော့အနေနဲ့က ရန်ကုန်ရယ်၊ နေပြည်တော်ရယ်၊ မန္တလေးတိုင်းရယ်ပေါ့။ အဲဒီ (၃) ခုကို သူတို့က အရင် စမ်းကြည့်မှာပေါ့လေ။ ပိုင်းလော့ပရောဂျက်နဲ့။ အဲဒီအပေါ်မှာမှ ဘယ်လိုသူတို့ ထိရောက်ဖို့တွေရှိလား။ နောက်ဘာတွေပြင်ဖို့ နောက်မှသူဆက်ပြီးတော့ ချဲ့သွားမလားပေါ့နော်။ အခုကတော့ အ တည်ပြုထားတာပေါ့လေ။ ဒါပေမယ့် တကယ့်လက်တွေ့ ကတော့ မသုံးရသေးဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိ ကျင့်သုံးသွားမယ့် စမတ်ကတ်စနစ်မှာတော့ မော်တော်ယာဉ်အမျိုးအစားပေါ် မူ တည်ကာ တစ်ရက်ကို စက်သုံးဆီနှုန်းထားတစ်ခု သတ်မှတ်ပြီး ရောင်းချပေးသွားမှာ ဖြစ်သလို အရင်လို လိုချင်တဲ့အချိန်မှာ လိုသလောက်ဝယ်ယူလို့ရတော့မှာ မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

ယာဉ်မောင်းတစ်ဦးကတော့ စမတ်ကတ်စနစ်ကျင့်သုံးပါက စက်သုံးဆီတွေကို သူတို့ပေးတဲ့အပေါ်မူတည်ပြီး မလောက်မငှပေးပါက အဆင်ပြေမှာမဟုတ်သလို အပြင်မှာမှောင်ခိုဈေးနဲ့ ဝယ်ယူရပါက ပိုပြီးကျပ်တည်းလာမယ်လို့ ပြောပါတယ်။

“စမတ်ကတ်နဲ့ ဆိုရင်တော့ သူတို့ပေးမယ့် ပမာဏပေါ် မူတည်တာပေါ့။ မလောက်မငှ ပေးရင်တော့ အဆင်မပြေလောက်ဘူး။ ကိုယ့်ကိုသတ်မှတ်ထားတဲ့ အခုဒီတစ်ပတ်မှာ သူတို့ဘယ်လောက်ပေးနိုင်လဲပေါ့။ ကိုယ်ကမောင်းတဲ့ အင်အားများပြီးတော့ သူတို့ပေးတဲ့ အင်အားကနည်းနေရင် ချင့်ချိန်ပြီးတော့ မောင်းရမှာပေါ့။ သူတို့ကဒီတစ်ပတ်မှာ ဘယ်လိုပေးမလဲဆိုတာလည်း ပလန်မရှိသေးဘူးဆိုတော့ စဉ်စားရခက်နေတယ်။ မလောက်မငှနဲ့ ဆီကမရှိတဲ့အချိန် အပြင်မှာမှောင်ခိုဈေးတွေတက်ပြီး ကျွန်တော်တို့လည်း အဲဒီဈေးတွေနဲ့ လိုက်ပြီး ဝယ်ရပြီးတော့ မောင်းနေရရင် ကျွန်တော်တို့ အတွက်တော့ ပိုပြီးတော့ ကျပ်တည်းလာမှာပေါ့” လို့ ဆိုပါတယ်။

ဒါ့အပြင် စမတ်ကတ်စနစ် မကျင့်သုံးခင်မှာပဲ လက်ရှိအချိန်ထိ စက်သုံးဆီဆိုင် အများစုမှာတော့ စက်သုံးဆီ အမျိုးအစားအားလုံးကို ဝယ်ယူလို့ မရသေးသလို စက်သုံးဆီဈေးနှုန်းတွေကလည်း ပြန်လည်မြင့်တက်နေတယ်လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ကျင့်သုံးမယ့် စမတ်ကတ်စနစ်ဟာ အရင်စစ်အာဏာရှင်အစိုးရတွေ အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ ကျင့်သုံးခဲ့တဲ့ စက်သုံးဆီထုတ်ယူခွင့်စာအုပ် ပုံစံမျိုးဖြစ်တာကြောင့် လိုသလောက် တရားဝင် ဝယ်ယူလို့မရပါက ပြင်ပမှောင်ခိုဈေးကွက် ကြီးထွားလာနိုင်တယ်လို့လည်း စက်သုံးဆီ ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အာဏာမသိမ်းခင် ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်က စက်သုံးဆီ တစ်လီတာကို ကျပ် (၆၀၀) ဝန်းကျင်နဲ့ လိုသလောက် ဝယ်ယူလို့ရခဲ့ရာမှ အာဏာသိမ်းပြီးနောက် စက်သုံးဆီ ဈေးနှုန်း (၅) ဆ ဝန်းကျင်ထိ မြင့်တက်လာသလို မကြာခဏပြတ်လပ်တာ၊ လိုသလောက် ဝယ် ယူလို့မရတာအပြင် ဈေးနှုန်းမတည်ငြိမ်မှုတွေကလည်း နေ့စဉ်နီးပါး ဖြစ်ပေါ် နေတာပဲ ဖြစ်ပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.