ရွှေဘို၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှာ မတရား ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၆၀၀ ဝန်းကျင်ဟာ မိသားစုဝင်တွေနဲ့ ထောင်ဝင်စာတွေ့ခွင့် ပိတ်ပင်ခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

နိုင်ငံတဝန်းရှိ အကျဉ်ထောင်တွေမှာ စစ်ကောင်စီက ထောင်ဝင်စာ ဧည့်တွေ့ခွင့်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကစပြီး ခွင့်ပြုပေးခဲ့ပေမယ့် ရွှေဘိုအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဇွန်လကစပြီး လက်ရှိအချိန်ထိ ထောင်ဝင်စာ ဧည့်တွေ့ခွင့် ပိတ်ပင်ထားတာပါ။

အကျဉ်းသားမိသားစုဝင်တွေမှ ထောင်ဝင်စာ ဧည့်တွေ့ခွင့်ပေးဖို့ အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတာကြောင့် အကျဉ်းဦးစီးဌာနက စာရွက်စာတမ်း တောင်းဆိုမှုတွေကိုသာ ပြုလုပ်နေပြီး ဧည့်တွေ့ခွင့် မရတဲ့ မိသားစုဝင်တွေ ရှိနေပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၇ ရက်နေ့မှာတော့ အခြားရာဇဝတ်အကျဉ်းသားတွေကို မိသားစုဝင်တွေနဲ့ ဧည့်တွေ့ ခွင့်ပြုခဲ့ပြီး နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကိုတော့ ဧည့်တွေ့ခွင့် မပေးသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက နိုင်ငံရေးအကျဉ်သားတွေကို လုံခြုံရေး အကြောင်းပြပြီး ဧည့်တွေ့ခွင့် ပိတ်ပင်ထားတာ ဖြစ်ပြီး ထောင်တွင်း ခွဲခြားဆက်ဆံခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အခုလို ခွဲခြားဆက်ဆံခံရတာကြောင့် နိုင်ငံရေးအကျဉ်းသားတွေဟာ အပြင်က မိသားစုတွေကို စိတ်ပူပန်ကြသလို အပြင်က မိသားစုဝင်တွေအနေနဲ့လည်း ဧည့်တွေ့ခွင့် မရတာကြောင့် သူတို့ရဲ့ သားသမီး ဇနီးမယားနဲ့ ခင်ပွန်းတွေကို စိတ်ပူပန်နေကြတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ မိသားစုဝင်တွေနဲ့ ဧည့်တွေ့ခွင့် ပိတ်ပင်မှုကို ရွှေဘိုမြို့ရှိ တပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်မှ ညွှန်ကြားထားတယ်လို့ PPNM ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ၂၀,၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PPNM

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.