မော်လမြိုင်၊ အောက်တိုဘာ ၁၀

မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ တစ်လအတွင်း အရပ်သား ၁၇ ဦး သတ်ဖြတ်ခံခဲ့ရပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ထုတ် လဂွန်းအိမ်စာစဉ်ရဲ့ မွန်ဒေသ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အ စီရင်ခံစာအရ ထိခိုက်သေဆုံးသူတွေဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာ၊ မြေမြှုပ်မိုင်းနင်းခံရတာ၊ လုပ်ကြံခံရတာကြောင့် ပါဝင်ပါတယ်။

သတ်ဖြတ်ခံရမှုအရ ရေး၊ မုဒုံနဲ့သထုံမြို့နယ်တို့မှာ လေးဦးစီ၊ ကျိုက်ထိုမြို့နယ်မှာ သုံးဦး၊ ချောင်းဆုံနဲ့ပေါင်မြို့ နယ်မှာ တစ်ဦးစီ၊ စုစုပေါင်း ၁၇ ဦး ပါဝင်ပါတယ်။

အရပ်သား သတ်ဖြတ်ခံမှုဟာ ပြီးခဲ့တဲ့ သြဂုတ်လနဲ့ နှိုင်းယှဉ်ရင် အရေအတွက် ထပ်တိုးလာပြီး သြဂုတ်လက အရပ်သား ၁၂ ဦးသာ သတ်ဖြတ်ခံခဲ့ရတယ်လို့ အစီရင်ခံစာအရ အချက်အလက်တွေအရ သိရပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၂၁ ဦးဟာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တာနဲ့ မြေမြှုပ်မိုင်းတွေကြောင့် ဖြစ်ပြီး အဲဒီထဲမှာ အမျိုးသမီးကိုးဦးနဲ့ ကလေးငယ်တစ်ဦး ပါဝင်တာပါ။

စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့ အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုကြောင့် ဖမ်းဆီးခံရသူ ၄၈ ဦးရှိပြီး အများစုဟာ စစ်မှုထမ်းဆောင်ဖို့ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

လဂွန်းအိမ်စာစဉ်ရဲ့ အစီရင်ခံစာရ အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်မှာ ဖမ်းဆီးခံရသူ ၁၀၅၅ ဦးအထိ ရှိလာပြီး သတ်ဖြတ်ခံရသူ ၂၀၆ ဦးအထိ ရှိလာခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.