ဗီယင်ကျန်း၊ အောက်တိုဘာ ၉

လာအိုနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီး ညီလာခံမှာ တောင်တရုတ်ပင်လယ်တွင်း တင်းမာမှု မြင့်တက်လာတဲ့ အခြေအနေ၊ ပိုမိုပြင်းထန်လာနေတဲ့ မြန်မာ့ပြည်တွင်းစစ်တို့နဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေကို နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့က အာဆီယံ ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

အခုသီတင်းပတ်မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ ဝန်ကြီး ဘလင်ကန် တက်ရောက်မှုဟာ နိုဝင်ဘာလ ကျင်းပမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် ဝါရှင်တန်ရဲ့ ဒေသဆိုင်ရာ အကျိုးစီးပွားတွေကို လူကိုယ်တိုင် ဆောင်ကျဉ်းရေး သူ့ရဲ့ နောက်ဆုံး အခွင့်အရေးတွေထဲက တစ်ခု ဖြစ်ပါတယ်။

ညီလာခံ တက်ရောက်မယ့် အာဆီယံ ပြင်ပ တခြား ခေါင်းဆောင်တွေထဲမှာ တရုတ်ဝန်ကြီးချုပ် လီကီကျန်း ၊ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ်အသစ် ရှီဂီရူ အီရှီဘာတို့ ပါဝင်ပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ဟာ နိုင်ငံအများအပြားကို အတင်းအကြပ် ဖိအားပေးဖို့ တာဝန်ခံမှု မရှိတဲ့ တင်းမာမှု အရှိန်မြင့်တက်စေတဲ့လုပ်ရပ် တော်တော်များများ ဆက်လက် လုပ်ဆောင်နေတယ်လို့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်က ဝန်ကြီး ဘလင်ကန်ရဲ့ ခရီးစဉ် မတိုင်ခင် ပြောကြား ထားပါတယ်။

အဲဒီကိစ္စဟာ ဝန်ကြီး ဘလင်ကန် အနေနဲ့ အာဆီယံညီလာခံမှာ အဓိကထား ဆွေးနွေးသွားမယ့် အကြောင်းအရာတွေ ထဲက တစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ဟာ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် သင်္ဘောတွေကို တိုက်ခိုက် တားဆီးမှုတွေ ပြုလုပ်နေတာကြောင့် တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ထိုင်းနဲ့ စင်ကာပူဝန်ကြီးချုပ် အသစ်တွေ ဖြစ်တဲ့ ပေသွန်တန် ရှင်နာ ဝါထရာနဲ့ လောရင့်စ် ဝေါင်တို့ ပထမဆုံး တက်ရောက်ကြမယ့် အာဆီယံ ညီလာခံမှာ မြန်မာ့ပဋိပက္ခနဲ့ ပတ်သက်လို့ အဓိက ဆွေးနွေးသွားဖို့လည်း ရှိနေပါတယ်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ အကြမ်းဖက် တိုက်ခိုက်မှုများ လျှော့ချရေး စစ်ကောင်စီကို ဖိအားပေးဖို့ အမေရိကန်က အာဆီယံ နိုင်ငံတွေကို စည်းရုံးသွားမှာ ဖြစ်တယ်လို့ ခရစ်တန်ဘစ်က ပြောကြားပါတယ်။

လူသားချင်း စာနာထောက်ထားမှု အကူအညီ တိုးပေးနိုင်ရေး တော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးမှု ဖြစ်ပေါ်လာစေရေး အတွက်လည်း တွန်းအားပေးသွားမှာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောကြား ပါတယ်။

မြန်မာ ပဋိပက္ခ အဆုံးသတ်စေရေး လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ တစ်ခုမှ စစ်ကောင်စီက မလုပ်ဆောင်ရသေးကြောင်းနဲ့ သူတို့ လုပ်ဆောင်လာမယ့် အချိန်အထိ အမေရိကန်က ဆက်လက် ဖိအားပေးသွားမှာ ဖြစ်တယ်လို့ လက်ထောက်ဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်က ပြောကြားခဲ့ပါတယ်။

Ref:Bloomberg

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.