ဖာပွန်၊ အောက်တိုဘာ ၉

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း ကလေးတစ်ဦးအပါအဝင် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၅ ရက်နေ့က KNU ဖာပွန်ခရိုင် ဒေလော်ပူကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ပေါင် ၅၀၀ ဗုံး ၂ လုံး လာရောက်ကြဲချဲတိုက်ခိုက်ခဲ့ရာ အသက် ၂၅ နှစ်ရှိ အမျိုးသားတစ်ဦးနဲ့ အသက်သုံးနှစ်ရှိ ကလေးတစ်ဦး စုစုပေါင်းအရပ်သားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဖာပွန်မြို့ပေါ်ရှိ ရပ်ကွက် ၁ နဲ့ ရပ်ကွက် ၂ ထဲကို ဗုံးဆံ ၁၀ လုံးပစ်ချတိုက်ခိုက်ခဲ့ရာမှာ အိမ်ယာဟောင်းအနီး ဟင်းသီးဟင်း ရွက်ရှာဖွေခူးဆွတ်နေတဲ့ အသက် ၅၀ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ပြီး ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

KNU ဖာပွန်ခရိုင် တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလတစ်လတာအတွင်း အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာ ၅ ဌာနချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်က အရပ်သားလူထုအပေါ် ဦးတည်ပစ်မှတ်ထားပြီး လေ ကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို ပိုမိုလုပ်ဆောင်လာနေပြီး အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ထွက်ပြေးတိမ်းရှောင်ရမှုတွေ ပိုမိုများပြားလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ဆိုထားပါတယ်။

လက်ရှိမှာ KNU ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဖာပွန်အခြေချစစ်ဗျူဟာအပါအဝင် တပ်ရင်းစခန်းတွေကို KNLA တော်လှန်ရေးပူးပေါင်းတပ်တို့က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားတဲ့အတွက် စစ်ကောင်စီဟာ လေကြောင်းကိုသာ အဓိကအားကိုး အသုံးပြုနေရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KPSN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.