လားရှိုး၊ အောက်တိုဘာ ၄

ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က တရုတ်ဘုံကျောင်းကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA က သတင်းထုတ်ပြန်ပါတယ်။

လားရှိုးမြို့ ရပ်ကွက် ၅ ရှိ ဂွမ်ယင်ဘုရားကျောင်းနဲ့ နေရာအချို့ကို စစ်ကောင်စီလေတပ်ကနေ ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာပါ။

ဂွမ်ယင်ဘုရားကျောင်း ပစ်မှတ်ထား တိုက်ခိုက်ခံရတာကြောင့် ဘုရားကျောင်းအဆောက်အဦ အများအပြား ပျက်စီးခဲ့ပြီး အရပ်သားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဂွမ်ယင်ဘုရားကျောင်း ဗုံးကြဲမှုဟာ ဘုရားကျောင်းအတွင်း MNDAA တပ်ဖွဲ့တွေ ရောက်ရှိနေတယ်ဆိုတဲ့ သတင်းပေးတွေရဲ့ ပေးပို့ချက်ကြောင့် နာရီပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်တွေမှာ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။

စစ်မြေပြင်မှာ ရှုံးနိမ့်တဲ့အခါတိုင်း စစ်ကောင်စီတပ်ဟာ လက်တုံ့ပြန်တဲ့အနေနဲ့ အရပ်သားပစ်မှတ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လေ့ရှိပြီး လားရှိုးမြို့ကို ကိုးကန့်တပ်မတော် ထိန်းချုပ်ပြီးနောက်ပိုင်း စစ်ကောင်စီက ဆက်တိုက်ဆိုသလို ဗုံးကြဲတိုက်ခိုက်မှုတွေ ကျူးလွန်နေတာပါ။

ပြီးခဲ့တဲ့ ဇူလိုင်လမှ စက်တင်ဘာလအထိ သုံးလအတွင်း စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် အရပ်သား ၃၁ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၉၀ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MNDAA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.