ဘီးလင်း၊ အောက်တိုဘာ ၅

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ အောက်တိုဘာ ၃ ရက်နေ့ တစ်ရက်တည်း လမ်းသွားလမ်းလာတွေအပါအဝင် ဒေသခံ ၃၀ နီးပါး ဖမ်းဆီးခံလိုက်ရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် BGF ပူးပေါင်းတပ်ဖွဲ့ဟာ အဲဒီနေ့က ဘီးလင်းမြို့ ဗိုလ်တေဇရပ် ကွက်အနီး ဘီးလင်း-နတ်ကြီးလမ်းပိုင်း လုံခြုံရေးဂိတ်မှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ပဲခူးတိုင်း ရွှေကျင်မြို့နယ်ကနေ ဘီးလင်းမြို့နယ် နတ်ကြီးဘက်ခြမ်းကို ရွှေတူးဖို့လာတဲ့ လုပ်သားတွေဖြစ်တဲ့ အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂၀ ကျော်ကို ဖမ်းဆီးခဲ့တာပါ။

အဲဒီနောက် ဆိုင်ကယ်နှစ်စီးနဲ့လာတဲ့ လူငယ်လေးဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဖြစ်နိုင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထပ်မံဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ရွှေတွင်းလုပ်သားတွေကို ဒီနေ့ အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပေမယ့် လူငယ်လေးဦးကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ်လေးဦးကို ဘီးလင်းအခြေစိုက် စစ်ကောင်စီရဲ့ အမှတ် ၈ ခြေလျင်တပ်ရင်းမှာ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေပြီး လက်ရှိအချိန်အထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ဘီးလင်းမြို့ တောင်စွန်းအကျဉ်းစခန်းကို တော်လှန်ရေးအင်အားစုအဖွဲ့တွေ လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒေသတွင်းမှာ လုံခြုံရေးတိုးမြှင့်ပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတာပါ။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အောက်တိုဘာ ၄ ရက်နေ့ထုတ် အစီရင်ခံစာအရ အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ ဖမ်းဆီးခံရသူ ၂၇,၅၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.