တနင်္သာရီ၊ အောက်တိုဘာ ၄

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအုပ်စုမှာ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က တပ်အင်အား ၂၀၀ ဝန်းကျင်နဲ့ မော်တုန်းအခြေစိုက်အမြောက်တပ်ကနေ ဇဝဲဘက်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်းကို မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ တနင်္သာရီရိုးမ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီနေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ တောလမ်းအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ညောင်ပင်ကုန်းကျေရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အရင်ဆုံး မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ညနေ ၄ နာရီအချိန်ခန့်မှာလည်း လမ်းမကြီးအတိုင်း ဆင်းလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ရမ်းဖိုကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာပြင်းထန်ရရှိခဲ့တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဏကြီးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဟာ အဲဒီနေ့ ညနေပိုင်းနဲ့ အောက်တိုဘာ ၃ ရက်နေ့ မနက်ပိုင်းမှာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေထဲ လက်နက်ကြီးအပြင် ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်မှုကြောင့် မော်တုန်းကျေးရွာ စာသင်ကျောင်းအနီးမှာ ကစားနေတဲ့ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး စာသင်ကျောင်းလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇဝဲအခြေစိုက် တပ်ရင်းထဲကို ရောက်ရှိနေပြီး အဲဒီကနေတစ်ဆင့် မြိတ်မြို့နယ်လမ်းမကြီးနဲ့ တုံးပျောအုပ်စုတစ်ကျောမှာ လမ်းကင်းချတာနဲ့ တပ်ဖြန့်ဖို့ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဇဝဲအခြေစိုက် ခမရ ၅၅၆ တပ်ရင်းမှ တနင်္သာရီဘက်ကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မြိတ်ပကဖ/ တနင်္သာရီရိုးမ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.