ကျိုက်ထို၊ အောက်တိုဘာ ၅

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ တောရကျောင်းအနီးမှာ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။

အောက်တိုဘာ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ အင်အား ၂၀ ကျော်နဲ့ စစ်တပ်သုံး ဆက်သွယ်ရေး ကေဘယ်လ်ကြိုးလာပြင်တဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဆက်သွယ်ရေး ကေဘယ်လ်ကြိုးမပြင်ဘဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်ဟာ မုပ္ပလင်ကျေးရွာ ဒေသခံငါးဦးထက်မနည်း ဖမ်းဆီးသွားခဲ့ပြီး ညနေပိုင်းမှသာ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အထိနာသွားတဲ့ စစ်ကောင်စီတပ်ဟာ ညပိုင်းမှာလည်း ကရင်အမျိုးသားအစည်းအရုံး KNU ကျိုက်ထိုမြို့နယ်အုပ်ချုပ်နယ်မြေက ကျေးရွာတချို့ကို လက် နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒီမိုင်းဆွဲတိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မကြာခဏမိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က လမ်းပိုင်းတွေမှာ လုံခြုံရေးတိုးမြှင့်တာ၊ ကင်းစခန်း အခိုင်အမာတည်ဆောက်ပြီး တပ်စွဲနေထိုင်တာတွေ ရှိနေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.