ဘားအံ၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်မှာ စစ်ကောင်စီ ကောက်ယူနေတဲ့ သန်းခေါင်စာရင်းအတွက် နယ်ခြားစောင့်တပ် BGF နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်DKBA တို့က လုံခြုံရေး ယူပေးတာတွေ ရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၁ ရက်နေ့ကစပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ကောက်ယူနေရာမှာ ကရင်ပြည်နယ်ထဲမှာလည်း မြို့ပေါ်ရပ်ကွက်ကျေးရွာတွေအထိ ကွင်းဆင်းပြီး လိုက်လံကောက်ယူနေတာပါ။

ဒေသခံသတင်းရင်းမြစ်တွေရဲ့ ပြောပြချက်အရ မြဝတီမြို့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ BGF နဲ့ DKBA တွေက လုံခြုံရေးယူထားပြီး ဘားအံမှာတော့ BGF ဘက်က လုံခြုံရေးယူပေးထားတယ်လို့ သိရပါတယ်။

သန်းခေါင်စာရင်း ကောက်ယူမှုအရ ကရင်ပြည်နယ်ထဲက မြို့တွေဖြစ်ကြတဲ့ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ ကော့ကရိတ်၊ လှိုင်းဘွဲ့စတဲ့မြို့တွေပေါ်မှာ လိုက်လံကောက်ယူနေတာ ဖြစ်ပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာ စစ်တပ်၊ ရဲ၊ ပြည်သူ့စစ်၊ စစ်မှုထမ်းဟောင်းအဖွဲ့ စတဲ့အဖွဲ့တွေကပါ လုံခြုံရေးအင်အားအများအပြားနဲ့ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံကောက်ယူနေလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒါ့အပြင် တချို့နေရာဒေသတွေမှာတော့ နယ်ခြားစောင့်တပ် BGF နဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လိုက်လံကောက်ယူလုပ်ဆောင်နေလျက်ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုမှာ လုံခြုံရေးပါဝင် ဆောင်ရွက်ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး BGF နဲ့ DKBA တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်က ဖုန်းနဲ့ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

စစ်ကောင်စီကတော့ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကောက်ယူသွားဖို့ ပြင်ဆင်ထားပြီး လာမယ့်ဒီဇင်ဘာလကုန်မှာ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုကို အမျိုးသားညီညွှတ်အစိုးရ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ထားပေမယ့် ပါဝင်သူတွေကို အရေးယူသွားမယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.