ဆိုးလ်၊ အောက်တိုဘာ ၂

တောင်ကိုရီးယားက စစ်ရေးပြပွဲ ပြုလုပ်ပြီး သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြချိန်မှာ သမ္မတ ယွန်ဆွတ်ယိုလ်က မြောက်ကိုရီးယားအနေနဲ့ မိမိတို့ကို နျူကလီးယား လက်နက် အသုံးပြု တိုက်ခိုက်လို့ရှိရင် ပြုံးယမ်းအစိုးရရဲ့ နိဂုံးချုပ် ဖြစ်သွားလိမ့်မယ်လို့ အောက်တိုဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဆိုးလ်မြို့မှာ တိုက်လေယာဉ်တွေ ပျံသန်းပြီး လမ်းမတွေပေါ်မှာ သံချပ်ကာကားတွေကို ထုတ်ဖော်ပြသခဲ့တဲ့ တောင်ကိုရီးယား စစ်ရေးပြပွဲမှာ မြေအောက် ဗုံးခိုကျင်းတွေကို ဖျက်ဆီးပစ်နိုင်တဲ့ အကြီးမားဆုံး ပဲ့ထိန်း ဒုံးကျည် Hyunmoo-5 (ဟွန်းမူ – ၅) တွေကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။

အခုလိုမျိုး ကိုရီးယား နှစ်နိုင်ငံကြား ဆက်ဆံရေး အနိမ့်ပါးဆုံးအချိန်မှာ တောင်ကိုရီးယား စစ်တပ်ရဲ့ နှစ်ပတ်လည်နေ့အဖြစ် စစ်ရေးပြပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားဟာ မိမိတို့ရဲ့ အဓိက ရန်သူ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာထားပြီး သူတို့ရဲ့ နျူကလီးယား လက်နက်တွေကို နယ်စပ်သို့ ပြောင်းရွှေ့ထားပါတယ်။

မြောက်ကိုရီးယားက နျူကလီးယား လက်နက်တွေကို အသုံးပြုဖို့ ကြိုးပမ်းလာရင် တောင်ကိုရီးယား စစ်တပ်၊ အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ ကြီးမားပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သမ္မတ ယွန်ဆွတ်ယိုလ်က ပြောကြားခဲ့ပါတယ်။

အဲဒီနေ့ဟာ မြောက်ကိုရီးယားအစိုးရ နိဂုံးချုပ်တဲ့နေ့ ဖြစ်လာလိမ့်မယ်လို့ တောင်ကိုရီးယားသမ္မတက ဆိုးလ် လေတပ် အခြေစိုက်စခန်းမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပြောဆိုထားတာပါ။

အမေရိကန်က မြောက်ကိုရီးယား အန္တရာယ်ကနေ တောင်ကိုရီးယားကို ကာကွယ်ပေးရေး တပ်ဖွဲ့ဝင် ထောင်နဲ့ချီ ချထားပြီး ကိုယ်ပိုင် နျူကလီးယား လက်နက် မရှိတဲ့ တောင်ကိုရီးယားကို ကာကွယ်ပေးထား ပါတယ်။

နျူကလီးယား လက်နက်တွေနဲ့ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်လိမ့်မယ်ဆိုတဲ့ အတွေးမှားကို စွန့်လွှတ်ဖို့ တောင်ကိုရီးယား သမ္မတက မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားနိုင်ငံထဲသို့ အမှိုက်တွေ အညစ် အကြေးတွေ ပါဝင်တဲ့ မိုးပျံ ပူဖောင်းတွေပို့လွှတ်ခဲ့တာကြောင့် လေကြောင်း သွားလာမှုတွေ အနှောင့်အယှက် ဖြစ်ပြီး အသေးစား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

မြောက်ကိုရီးယားတော့ မိမိတို့ စစ်တပ်အနေနဲ့ ရာနှုန်းပြည့် ကာကွယ်ရေး ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.