နေပြည်တော် ၊ စက်တင်ဘာ ၂၉

အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့နီးပါး တိုက်ပွဲတွေ ပြင်ထန်ပြီး တိုင်းပြည်မတည်ငြိမ်မှုတွေ ဖြစ်ပွားနေချိန် ပြည်ပခရီးသွားဝင်ရောက်မှုပိုများလာဖို့ စစ်ခေါင်းဆောင်ကမျှော်လင့်နေတယ်လို့ စစ်ကောင် စီရဲ့ ဝါဒဖြန့်သတင်းစာတွေမှာ ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။

အဲဒီအခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံဟာ ခရီးသွားလုပ်ငန်းလုပ်ကိုင်ဖို့ အရင်အမြစ်များစွာ ပိုင်ဆိုင်ထားတာကြောင့် ကမ္ဘာ့လှည့်ခရီးသွားတွေ ပိုမိုလာရောက်အောင် ဆွဲဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြည်ပခရီးသွားဝင်ရောက်မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တစ်သန်းကျော် ဝင်ရောက်ခဲ့သလို ၂၀၂ ၄ ခုနှစ် ပထမငါးလအတွင်းမှာလည်း ငါးသိန်းကျော်ဝင်ရောက်ထားတာကြောင့် အရင်နှစ်ကထက် ပိုမိုတိုးတက်လာဖို့ မျှော်လင့်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ခရီးသွားဧည့်လမ်းညွှန် တစ်ဦးကတော့ တိုက်ပွဲတွေကြောင့် ခရီးသွားဖို့ မလွယ်ကူတာ၊ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် နိုင်ငံခြားသားပိုင် ခရီးသွားကုမ္ပဏီတွေတောင် ရပ်နားနေရတဲ့အတွက် ခရီးသွားကဏ္ဍ တိုးတက်လာဖို့ မရှိသေးဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်မှာရှိတဲ့ သူတွေကျတော့ မတိုးတက်သေးဘူးလို့ မြင်တာပဲ။ ဘာဖြစ်လို့လဲဆိုရင် သွားရေးလာရေးက မလွယ်ဘူးလေ။ တစ်နေရာနဲ့ တစ်နေရာသွားလာဖို့တောင် တော်တော်ခက် ခဲတယ်။ နောက်ညမထွက်ရအမိန့်လည်း ရှိတဲ့အခါကျတော့ ရပ်ရတဲ့အချိန်အခါတွေရှိတော့ ခရီးတွေမတွင်ဘူး။ ကန့်သတ်ချက်တွေရှိတယ်။ စစ်ဆေးရေးတွေ များတယ်။ နိုင်ငံခြားသားပိုင်တဲ့ ကုမ္ပ ဏီတွေတောင် ရပ်နေပြီ။ ပြည်တွင်းကုမ္ပဏီဆို ပိုဆိုးတယ်။ ကျွန်တော်ကတော့ မထင်ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာလဟာ နိုင်ငံအနှံ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်ပခရီးသွား ဝင်ရောက်လည်ပတ်ဖို့ လုံခြုံရေးစိတ်မချရတာကြောင့် ဝင်ရောက်ဖို့ မဖြစ်နိုင်သလို ပြည်ပခရီးသွားတွေလည်း အရင်လို စိတ်မဝင်စားကြဘူးလို့ သူကဆက်ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေ၊ ဧည့်စာရင်း တိုင်ကြားရတာတွေ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ နေရာအနှံ့ စစ်ဆေးမှု တင်းကျပ်တာတွေအပြင် လုံခြုံမှုမရှိတဲ့အတွက် ခရီး သွား ဝင်ရောက်မှု သိသိသာသာကျဆင်းနေတာပါ။

ခရီးသွားလာရာမှာလည်း အရင်ကထက် ကုန်ကျစရိတ် မြင့်မားနေတာ၊ စက်သုံးဆီဝယ်ယူရ အခက် အခဲကြောင့် အရင်လိုခရီးစဉ်တွေ မရှိတော့တာအပြင် တိုက်ပွဲတွေကြောင့် လည်ပတ်တဲ့ နေရာတွေ နည်းပါးလာတာကြောင့်လည်း ပြည်ပခရီးသွားတွေကို မျှော်လင့်လို့ မရသေးဘူးလို့ ဧည့်လမ်းညွှန်တွေက ပြောကြပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံမှာ ပြည်တွင်း၊ ပြည်ပခရီးသွားတွေအ နေနဲ့ ဦးစားပေးသွားလာသင့်တဲ့နေရာဆိုပြီး ငပလီ၊ ကျောက်ဖြူ၊ မာန်အောင်အပါအဝင် ဒေသ ၁၄ ခု သတ်မှတ်ခဲ့ပေမယ့် အခုနှစ်မှာတော့ အဲဒီဒေသတချို့ကို လက်လွှတ်ဆုံးရှုံးထားပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတကာခရီးသွား ဧည့်သည်ဝင်ရောက်မှုအနေနဲ့ ၂၀၂၂ ခုနှစ်က နှစ်သိန်းသုံးသောင်းကျော်၊ ၂၀၂၃ ခုနှစ်မှာ တစ်သန်းဝင်ရောက်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.