ရန်ကုန် ၊ စက်တင်ဘာ ၂၄

စစ်ကောင်စီ ကျူးလွန်နေတဲ့ တရားမဲ့ သေဒဏ်ချသတ်ဖြတ်မှုတွေကို နိုင်ငံတကာအနေနဲ့ ထိရောက်စွာ တားဆီးအရေးယူဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က စက်တင်ဘာ ၂၄ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။

မတရားဖမ်းဆီးခံထားရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေနဲ့ ပြည်သူတွေကို စစ်ကောင်စီက သေ ဒဏ်အပါအဝင် မတရားပြစ်ဒဏ်တွေချမှတ်ထားပြီး တရားမဲ့သေဒဏ်ချသတ်ဖြတ်မှုတွေအပေါ် NUCC က ထုတ်ပြန်လာတာပါ။

သေဒဏ်ချမှတ်ခံထားရတဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေကို စစ်ကောင်စီက ကြိုးပေးသတ်ဖြတ်ဖို့ ပြင်ဆင်နေတဲ့ အရိပ်အယောင်တွေနဲ့ တရားမဲ့စီရင်သတ်ဖြတ်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ NUCC က ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းအမှောင်ချ လုပ်ဆောင်မှုတွေကြောင့် အဲဒီသတင်းတွေရဲ့ မှန်ကန်မှုကို လက်ရှိအချိန်ထိ တရားဝင်အတည်ပြုနိုင်ဖို့ ခက်ခဲပေမယ့် ရာဇဝတ်ဂိုဏ်းတစ်ခုသာဖြစ်တဲ့ စစ်ကောင်စီအ နေနဲ့ ပြည်သူတွေအပေါ် ဘယ်တရားစီရင်ခွင့်မှ မရှိဘူးလို့ ဖော်ပြပါတယ်။

ဒါကြောင့် စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းဆီးတာနဲ့ ပြစ်ဒဏ်ချမှတ်တာဟာ လုံးဝ တ ရားဝင်မှုမရှိဘဲ သေဒဏ်လိုမျိုး ပြစ်ဒဏ်စီရင်မှုကို ပြုလုပ်ဖို့ အခွင့်အာဏာလည်း လုံးဝမရှိတဲ့အပြင် အဲဒီလိုလုပ်ဆောင်မှုတွေက ရာဇဝတ်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေတာဖြစ်တယ်လို့ ထောက်ပြပါတယ်။

တစ်ဘက်မှာ စစ်ပွဲအတွင်း ရင်ဆိုင်တိုက်ခိုက်တာ မဟုတ်ဘဲ သေဒဏ်ချမှတ်စီရင်တာက လူသားတစ်ဦးစီတိုင်းရဲ့ မွေးရာပါရပိုင်ခွင့်တစ်ရပ်ဖြစ်တဲ့ အသက်ရှင်နေထိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်းချိုးဖော်နေတာလို့ NUCC က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC အနေနဲ့ စစ်ကောင်စီ ကျူးလွန်နေတဲ့တရားမဲ့ သေဒဏ်ချမှတ်သတ်ဖြတ်မှုတွေနဲ့ ရာဇဝတ်မှုတွေကို အပြင်းထန်ဆုံး ရှုတ်ချလိုက်ပြီး ချက်ချင်း ရပ် တန့်ဖို့လည်း တားမြစ်လိုက်တာပါ။

ကုလသမဂ္ဂ၊ အာဆီယံ၊ နိုင်ငံတကာအစိုးရတွေနဲ့အဖွဲ့အစည်းတွေ အနေနဲ့လည်း နိုင်ငံတကာ ဥပဒေတွေနဲ့ ဆုံးဖြတ်ချက်တွေကို တာဝန်ခံကာ စစ်ကောင်စီရဲ့သွေးအေး ရက်စက်ယုတ်မာစွာ သတ်ဖြတ်တဲ့ ရာဇဝတ်မှုကျူးလွန်နေမှုတွေကို ထိရောက်စွာ တားဆီးအရေးယူဖို့ တိုက်တွန်းတာ ဖြစ်ပါတယ် ။

NUCC အနေနဲ့ ပြည်တွင်းပြည်ပ အင်အားစုတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီ ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို အရေးယူဖို့နဲ့ နစ်နာသူတွေအတွက် တရားမျှတမှု ရရှိနိုင်စေရေးဆက်လက် လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရ ဇော်တို့ကို တရားမဲ့ကြိုးပေးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပြီး အဲဒီအပေါ် ကုလသမဂ္ဂအပါ အဝင် ပြည်တွင်းပြည်ပ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUCC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.