အင်ဖယ်၊ စက်တင်ဘာ ၂၃

မြန်မာနိုင်ငံကနေ ကူကီလူမျိုး စစ်သွေးကြွလို့ သံသယရှိသူ ၉၀၀ ကျော် ဝင်ရောက်လာနိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းထွက်ပေါ်လာခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှာ သတိပေးမှု အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားတယ်လို့ အကြီးတန်းလုံခြုံရေး အရာရှိ တစ်ဦးက ပြောပါတယ်။

ကူကီလူမျိုးစုကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်း တစ်ခုကတော့ စစ်သွေးကြွတွေ ဝင်ရောက်လာတယ်ဆိုတဲ့ လုံခြုံရေး အရာရှိတွေရဲ့ စွပ်စွဲချက်တွေကို ပယ်ချပြီး တာဝန်ရှိသူတွေ ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုထားပါတယ်။

မဏိပူရပြည်နယ် လုံခြုံရေးအကြံပေး ကူလ်ဒိပ်ဆင်းချ်က စစ်သွေးကြွတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ထောက်လှမ်းရေးဌာန အများကြီးဆီ ဝေမျှပေးထားတယ်လို့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။

၂၀၂၃ ခုနှစ် မေလက စတင်ပြီး မဏိပူရပြည်နယ်မှာ လူများစုဖြစ်တဲ့ မစ်ထေးတွေနဲ့ လူနည်းစု ကူကီတွေကြား စီးပွားရေး အကျိုးအမြတ်တွေနဲ့ အချိုးကျ ခွဲဝေမှုတွေနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေကြောင့်အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားနေခဲ့ပါတယ်။

လုံခြုံရေးအကြံပေး အရာရှိ ကူလ်ဒိပ်ဆင်းချ်ဟာ ကူကီလူမျိုးတွေ ဘေးကင်းရေး သေချာအောင် ဆောင်ရွက်ပေးဖို့ ပျက်ကွက်နေပြီး သတင်းအမှားတွေ ဖြန့်ချိနေတယ်လို့ ကူကီလူမျိုး ကျောင်းသားများ အဖွဲ့ အစည်းက ထုတ်ပြန်ချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ကူကီလူမျိုး စစ်သွေးကြွတွေ စီးဝင်တာမျိုး လုံးဝ မရှိကြောင်းနဲ့ လက်ရှိ အုပ်ချုပ်နေသူရဲ့ လက်အောက်မှာ မိမိတို့ လုံခြုံမှု မရှိသလို ခံစားရတာကြောင့် ရာထူးက နုတ်ထွက်ပေးဖို့ ကူကီကျောင်းသား တွေက တောင်းဆိုထားပါတယ်။

တောင်ပိုင်း မဏိပူရမှာ နေထိုင်ကြတဲ့ ကူကီလူမျိုးတွေဟာ မြန်မာနိုင်ငံက ချင်းလူမျိုးတွေနဲ့ လူမျိုးအရ ဆက်စပ်မှု ရှိနေပါတယ်။ဒရုန်းတွေနဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ပါဝင်တဲ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် အရာရှိတွေက ဒါဟာ ကူကီ စစ်သွေးကြွတွေရဲ့ လုပ်ရပ် ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီလို အခြေအနေတွေဟာ မြန်မာနိုင်ငံသားတွေ မဏိပူရထဲကို ဝင်ရောက်မှုကြောင့် ဖြစ်တယ်လို့ ဒေသဆိုင်ရာ နိုင်ငံရေးသမားတွေက ပြောဆိုထားပါတယ်။

ဒီလို နိုင်ငံရေးသမားတွေရဲ့ ပြောဆိုမှုတွေနဲ့ အတူ မြန်မာနိုင်ငံကနေတိုက်ပွဲတွေကြောင့် ဝင်ရောက် ခိုလှုံသူတွေဟာ သူတို့ စိတ်ဆန္ဒ မပါဘဲ အတင်းအကြပ် ပြန်ပို့ခံရမှုတွေလည်း ရှိနေပါတယ်။

အခုအချိန်မှာတော့ နှစ်နိုင်ငံနယ်စပ်မှာ ခြံစည်းရိုး တည်ဆောက်ပြီး နှစ်ဖက် အသွားအလာ ကန့်သတ်ရေး အိန္ဒိယအစိုးရက ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.