မကွေး စက်တင်ဘာ ၂၃

မကွေးတိုင်း စလင်းမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးတယ်လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ ကာကွယ်ရေးအဖွဲ့တွေက ဒီးဒုတ်ပင်ကျေးရွာအနီးမှာ အဲဒီ စစ်ကောင်စီ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကပစ-၂၁ က ကောင်တွေပြန်ဆုတ်အပြီး ဆုတ်လေဦးဘက်ကနေလာပြီး လက်နက်ကြီးနဲ့ မြောင်းဂွရွာဘက်တော့ ရမ်းသန်း လှမ်းထောက်တယ်။ လောလောဆယ်တော့ ငြိမ်နေတယ်” လို့ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဆိပ်ဖြူနဲ့ လောင်းရှည်မြို့နယ်တွေက ကာကွယ်ရေးပစ္စည်းစက်ရုံ ၂၁ နဲ့ ၂၅ ကို သွယ်တန်းထားတဲ့ လျှပ်စစ်မီးလိုင်းတွေကို စက်တင်ဘာ ၁၆ ရက်မှာ စလင်း ပကဖ က ဖောက်ခွဲပြီးဖြတ်ချခဲ့တာလို့ သိရပါတယ်။

မီးလိုင်းပြင်ဆင်ဖို့ လာတဲ့ က.ပ.စ ၂၁ ကအင်အား ၁၅၀ ဝန်းကျင်ပါ စစ်ကြောင်းကို စက်တင်ဘာ ၁၈ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်တာ၊ Drop Bomb ချတိုက်ခိုက်တာနဲ့ ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အဲဒီလို တိုက်ခိုက်တာကြောင့် စစ်ကောင်စီဘက်က ၁၈ ဦးသေဆုံးပြီး ၁၂ ဦးပြင်းထန်ဒဏ်ရာရကာ ညောင်ဦးမြို့နယ်ဘက်ကို ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကိုတော့ စလင်းမြို့နယ် ပ.က.ဖ (ဇုန် ၂/၃)ရဲဘော်တွေ၊ မကွေးတိုင်း ပ.က.ဖ ဒရုန်း လက်ရုံးတပ်ဖွဲ့ ဖြစ်တဲ့ သိန်းငှက်နက်ဆိပ်ဖြူတော်လှန်ရေးတပ်ဦး၊ မင်းဘူးခရိုင်တပ်ရင်း- ၁၊ မင်းဘူးခရိုင်တပ်ရင်း- ၅ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.