သံဖြူဇရပ်၊ စက်တင်ဘာ ၂၁

မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက် ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်သုံးဦး ထပ်မံဖမ်းဆီးခံရတာကြောင့် ဖမ်းဆီးခံရတဲ့ လူမှုကူညီရေးအသင်းဝင် ရှစ်ဦးအထိ ရှိလာတယ်လို့ အသင်းနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စက်တင်ဘာ ၂၀ ရက်နေ့ ည ၁၀ နာရီအချိန်ခန့်မှာ ပိုင်ရှင်မဲ့လူမှုကူညီရေးအ သင်းဝင်သုံးဦးကို နေအိမ်တွေမှာ အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖမ်းဆီးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးရဲမင်းထိုက်၊ ကိုရဲနိုင်ဦး၊ ကိုဇော်ဝမ်းအပါအဝင် အသင်းဝင်ငါးဦးကို အသင်းရုံးမှာပင် ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ ဖမ်းဆီးခံရတဲ့ ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဝင်တွေဟာ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ အဆက်အသွယ်ရှိတာ၊ လက်နက်သယ်ဆောင်ရေးလုပ်ငန်းတွေမှာ ပါ ဝင်ကူညီခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထားပါတယ်။

ဖမ်းဆီးခံထားရတဲ့ လူမှုကူညီရေးအသင်းဝင်တွေကို သံဖြူဇရပ်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ဝဲကလိစစ်ကြောရေးမှာ စစ်ဆေးမေးမြန်းပြီး မိသားစုဝင်တွေက သူတို့ရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်းဟာ ၂၀၁၈ ခုနှစ်က မွန်ပြည်နယ်အစိုးရဆီမှာ အသင်းအဖွဲ့မှတ်ပုံ တင်ထားပြီး ဒေသတွင်း ထိခိုက်လူနာတွေနဲ့အရေးပေါ်လူနာတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့လည်း ရေးမြို့နယ် လမိုင်းအခြေစိုက် လမိုင်းလူငယ်ပရဟိအဖွဲ့ အသင်းဥက္ကဌအပါအဝင် အသင်းဝင်ငါးဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားပြီးနောက် တစ်ပတ်အကြာမှ ပြန်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ပိုင်ရှင်မဲ့လူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.