ရေး ၊ စက်တင်ဘာ ၂၂

လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မွန်လက်နက်ကိုင် တော်လှန်‌ရေးအဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒါပေမယ့် ဘယ်လိုမျိုး ဗျူဟာမြောက် စစ်ဆင်ရေးတွေလုပ်သွားမယ် ဘယ်လိုတွေပြင်ဆင်နေလဲ ဆိုတာကိုတော့ စစ်ရေးဆိုင်ရာလုံခြုံရေးအရ ထုတ်ပြောတာတော့ မရှိခဲ့ပါဘူး။

မွန်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေအနေနဲ့ တပ်ပေါင်းစုအသွင် ဟန် ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ မွန်လူငယ်နိုင်ငံရေးဆွေးနွေးပွဲကနေ ဘုံသဘောတူညီချက်တစ်ခုအဖြစ် စက် တင်ဘာ ၂၀ ရက်နေ့မှာ တိုက်တွန်းထားတာပါ။

မွန်ပြည်ကာကွယ်ရေးတပ် MSDF ရဲ့ တပ်မှူး ဒေါက်တာ သီရိမွန်ချမ်းက မွန်လက်နက်ကိုင်တော် လှန်ရေးအဖွဲ့ တွေ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ဆွေးနွေးခဲ့ကြသလို အောက်ခြေအဆင့် တပ်မှူးတွေကြားမှာလည်း ကျစ်ကျစ်လစ်လစ် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။

“MSFC၊ NMSP-AD ညှိနှိုင်းရေးအဖွဲ့မှာ မဟာဗျူဟာမြောက် ပူးပေါင်းမှုကနေတဆင့် ဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆင်နွှဲနိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသလို အောက်ခြေအဆင့် တပ်မှူးတွေကြားမှာလည်း တိုက်ပွဲဖော်ဆောင်မှုတွေမှာ ကျစ်ကျစ်လစ်လစ် ပူးပေါင်းတိုက်ပွဲဝင်နိုင်ဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်။ ဒါကြောင့်မို့ လာမယ့်ပွင့်လင်းရာသီမှာ MSDF၊ MSRF၊ NMSP – AD တို့ကြား မဟာဗျူဟာမြောက် စစ်ဆင်ရေး စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားနိုင်မှာပါ” လို့ ဆိုပါတယ်။

MSDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၊ မွန်ပြည်တော်လှန်ရေးတပ် MSRF တို့နဲ့အတူ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းဖို့ ၂၀၂၄ ခုနှစ် ဧပြီမှာ ကြေညာခဲ့ပါတယ်။

အလားတူ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP-AD နဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC တို့ နိုင်ငံရေး၊ စစ်ရေးနဲ့ အခြားကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီချက် ရရှိခဲ့တယ်လို့ နှစ်ဘက်အဖွဲ့ က ပူးတွဲကြေညာထားတာပါ။

ဒီအချက်တွေအပေါ် လာမယ့် ပွင့်လင်းရာသီမှာ မွန်ပြည်သစ်ပါတီ AD အနေနဲ့ စစ်ရေးပူးပေါင်းမှုတွေ ဘယ်လိုရှိနိုင်မလဲဆိုတာ သံလွင်တိုင်းမ်က မေးမြန်းရာမှာ ပါတီရဲ့ ပြောခွင့်ရ နိုင်ဗညားမွန်က အခုလို ပြောပါတယ်။

“စစ်ရေး ပူးပေါင်းဆောင်ရွက်မှုတော့ ကျွန်တော်တို့ ဆွေးနွေးနေကြတာတော့ ရှိတာပေါ့။ ကျွန်တော် အဲဒီလောက်အထိပဲပြောလို့ရမယ်။ ကျန်တဲ့အပိုင်းမှာကျတော့ ပြောလို့မရသေးပါဘူး” လို့ ဆိုပါတယ်။

လက်ရှိ မွန်ပြည်နယ်က‌ ရေး၊ သံဖြူဇရပ်၊ မုဒုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာ ရှင်တိုက်ဖျက်ရေး NMSP -AD တို့ သက်ဆိုင်ရာ ဒေသအလိုက် လှုပ် ရှားနေပါတယ်။

ဒါ့အပြင် မွန်လူမျိုးတွေ နေထိုင်တဲ့ ကရင်ပြည်နယ်က ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ် စတဲ့ မြို့နယ်တချို့နဲ့ တနင်္သာရီတိုင်းက ရေဖြူမြို့နယ်ဘက်မှာလည်း မွန်တော်လှန်ရေးအဖွဲ့တွေက အလားတူ လှုပ်ရှားနေတာပါ။

တစ်ဘက်မှာ အခြားဒေသတွင်း လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအပြင် NUG ရဲ့ ကာကွယ် ရေး ဝန်ကြီးဌာနအောက်ရှိ စစ်ကြောင်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီး စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေလည်း ရှိနေပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် ပြောခွင့်ရ နိုင်နဂါးကတော့ လာမယ့် ခြောက်သွေ့ရာသီမှာ စုစည်းထားသမျှ အရင်းအမြစ်တွေကို အခြေပြုပြီး စစ်ရေးဖော်ဆောင်မှုတွေကို အမြန်ဆုံးနဲ့ အများဆုံးလုပ် ဆောင်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

“လာမယ့် ခြောက်သွေ့ရာသီမှာ ကျွန်တော်တို့ စုစည်းထားသမျှ အရင်းအမြစ်တွေကို အခြေပြုပြီး စစ်ရေးဖော် ဆောင်မှုတွေကို အမြန်ဆုံးနဲ့ အများဆုံးလုပ်ဆောင်ဖို့ ကြိုးစားနေပါတယ်။ ဒီလိုလုပ် ဆောင်ရာမှာလည်း ကျွန် တော်တို့ မဟာမိတ် တော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ဒေါနစစ် ကြောင်း၊ YGF၊ ရေးသိမ်းငှက်၊ ABSDF၊ ရေးကံပေါက် PDF တို့ နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိသလို အခြား သော မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ MSD F၊ MLA၊ NMSP -AD တို့နဲ့ ဒီလိုပူးပေါင်းဆောင်ရွက်ဖို့လည်း ကျွန်တော်တို့ စီစဉ်ထားတာ ရှိပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ လွန်ခဲ့တဲ့ အာဏာသိမ်းမှုကာလတွေအတွင်း အင်အားနဲ့ လက်နက်ခဲယမ်းလိုအပ် ချက်အရ အခြားတိုင်းရင်းသားဒေသတွေလိုမျိုး စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်ပြီး မြို့သိမ်း စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတာတော့ မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတွေ တပ်စွဲထားတဲ့ နယ်မြေရဲစခန်းတချို့နဲ့ စစ်ဆေးရေးဂိတ်တွေကိုတော့ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တာနဲ့ ကြားဖြတ်တိုက်ခိုက်တာတွေရှိခဲ့ပြီး စစ်ကြောင်းထိုးလာရင်တော့ ထိတွေ့ တိုက်ပွဲ ဖြစ်ပွားတာလောက်ပဲ ရှိခဲ့တာပါ။

မွန်နိုင်ငံရေး စစ်ရေးအကဲခတ် တစ်ဦးကတော့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တို့ စစ်ရေးအရ စစ်ကောင်စီကို ပူးပေါင်းတိုက်ခိုက်မယ်ဆိုရင် မွန်နဲ့ကရင် ဒေသအနှံ့ စစ်မျက်နှာဖွင့်ရမယ်လို့ ထောက်ပြပါတယ်။

“စစ်ရေးအရ ပူးပေါင်းအဖွဲ့တွေ တိုက်စစ်ဆင်မယ်ဆိုရင် မွန်-ကရင်ဒေသအနှံ့ စစ်မျက်နှာဖွင့်ရပါမယ်။ နေရာကွက်ကျားတိုက်ရင် ပိုအထိနာပြီး ကြာရှည်ထိန်းထားဖို့ မလွယ်ပါဘူး။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ ခြောက်လ-တနှစ်စာ လက်နက်ခဲယမ်း လုံလုံလောက်လောက်ရှိဖို့လိုသလို သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပေါက်နေဖို့လည်း လိုပါတယ်”လို့ ဆိုပါတယ်။

ဒါပေမယ့် မန္တလေးမြို့သိမ်းတိုက်ပွဲ မဖြစ်မချင်း မွန်တော်လှန်ရေးအဖွဲ့တွေက ရေးနဲ့သံဖြူဇရပ်မြို့တွေကို သိမ်းဖို့အထိ တိုက်မယ်လို့ မမြင်သေးသလို ရန်ကုန်မြို့မှာ စစ်တလင်းမဖြစ်မချင်း မော်လမြိုင်နဲ့ဘားအံလည်း တိုက်ပွဲဖြစ်မှာ မဟုတ်သေးဘူးလို့ သူက သုံးသပ်ပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ စစ်ကောင်စီအနေနဲ့ တစ်နိုင်ငံလုံးနီးပါး ခုခံတော်လှန်ထိုးစစ်ကြောင့် စစ်ရေးရှုံးနိမ့်မှုတွေ တောက်လျှောက်ရင်ဆိုင်နေရပြီး တပ်စခန်းပေါင်း ၂၅၀၀ ကျော်နဲ့ မြို့ပေါင်း ၈၀ နီးပါးကို လက်လွှတ်ထားရတာပါ။

ဒေါက်တာ သီရိမွန်ချမ်းကတော့ ဒီလိုအချိန်ကာလမှာ မဟာဗျူဟာမြောက် စစ်ရေးဆိုင်ရာပူးပေါင်းမှုတွေ မလုပ်နိုင်ရင် ဘယ်တော့မှလုပ်နိုင်မှာ မဟုတ်တဲ့အတွက် ပူးပေါင်းစစ်ဆင်ရေးတွေ မဖြစ်မနေ လုပ်သွားမယ်လို့ မှတ်ချက်ပြုထားပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.