ပုလော၊ စက်တင်ဘာ ၂၂

တနင်္သာရီတိုင်း ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာအတွင်းက နေအိမ် ၃၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သလို ဒေသခံနှစ်ဦးနဲ့ ပြည်သူ့ကာ ကွယ်ရေး ရဲဘော်တစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့မှာ တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ ရှပ်ပုံကျေးရွာအုပ်စုထဲကို စစ် ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

တိုက်ပွဲမှာ တစ်နေ့လုံးနီးပါး ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အများအပြား ထိခိုက်ဒဏ်ရာရတာတွေရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ရဲဘော်တစ်ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ရှပ်ပုံကျေးရွာအုပ်စုရှိ စံပြကျေးရွာကနေအိမ် သုံးလုံးနဲ့ မီးလောင်အော်ကျေးရွာက နေအိမ် ၃၁လုံးကို မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် စံပြရွာနဲ့ မီးလောင်အော်ရွာမှာ မီးရှို့ခံထားရတဲ့ ရုပ်အလောင်းနှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သံလွင်တိုင်းမ်ရဲ့ ဒေသခံသုံးဦးကို အွန်လိုင်းကနေ ဆက်သွယ်မေးမြန်းချက်တွေအရ မီးလောင်အော်ရပ်ကွက်က အသက် ၇၀ ကျော်အရွယ် ဖွားပု၊ စံပြရပ်ကွက်က အသက် ၃၀ ဝန်းကျင်အရွယ် စိတ်မ နှံ့ရောဂါခံစားနေရတဲ့ မောင်သူရနဲ့ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တစ်ဦးကို စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တစ်ဦး မီးရှို့သတ်ဖြတ်ခံရလို့ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး လက်ရှိအထိတော့ အဲဒီကိစ္စကို အတည်မပြုနိုင်သေးဘူးလို့ မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းရဲ့ ပြန် ကြားရေးတာဝန်ခံက တုံ့ပြန်ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ စံပြကျေးရွာနဲ့ မီးလောင်အော်ကျေးရွာက ဒေသခံ အမျိုး သား ၄၀ ဦး ထက်မနည်းကို ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းထဲကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်က ရှပ်ပုံကျေးရွာမှာရှိတဲ့ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်းကို ပြန်လည်ဆုတ်ခွာခဲ့ပေမယ့် ဒေသခံအများစုတော့ ကျေးရွာထဲမှာ ပြန်လည်နေထိုင်တာတွေ မရှိသေးဘဲ နီးစပ်ရာကျေးရွာမှာပဲ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်အပြင် တော်လှန်ရေးအင် အားစုတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၆ လုံး ပျက်စီးခဲ့သလို ကုမ္ပဏီဝင်းအတွင်းရှိ အ ဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိတ်ခရိုင် အမှတ် ၁ တပ်ရင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.