မော်လမြိုင် ၊ စက်တင်ဘာ ၂၂

မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့ မြို့နယ် အများစုမှာ စက်သုံးဆီပြတ်လပ်ပြီး လိုသလောက် ဝယ်ယူလို့မရတဲ့ ပြဿနာကို အချိန်နှစ်လနီးပါးကြာတဲ့အထိ အာဏာသိမ်းစစ်ကောင် စီအနေနဲ့ မဖြေရှင်းနိုင်သေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်နဲ့ ဒေသတွင်းမှာ ပြီးခဲ့တဲ့ဩဂုတ်လ ပထမပတ်အတွင်းကစတင်ပြီး လူသုံးများတဲ့ ဓာတ် ဆီ အမျိုးအစား အောက်တိန်း (၉၅)နဲ့ (၉၂) ဆီတွေအပြင် ဒီဇယ်အမျိုးအစား ပရီမီယံဒီဇယ်နဲ့ ရိုးရိုးဒီဇယ်တွေကအစ လက်ရှိအချိန်ထိ ဝယ်ယူရခက်ခဲနေဆဲ ဖြစ်ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ စက်သုံးဆီအရောင်းဆိုင် တချို့မှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့ကစတင်ကာ စက်သုံးဆီ ရှားပါးပြတ်လပ်လို့ တန်းစီပြီး ဝယ်ယူရတဲ့အခြေအနေတွေ ပြန်ရောက်နေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ဒါ့အပြင် လက်ရှိအချိန်အထိ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေကို အချိန်ကြာမြင့်စွာ တန်းစီ ဝယ်ယူရတာ၊ လိုသလောက် ရောင်းချမပေးတာတွေအပြင် လိုချင်တဲ့ စက်သုံးဆီ အမျိုးအစားတွေကို ဝယ်ယူလို့ မရတဲ့အခြေအနေကို ဒေသခံပြည်သူတွေ ရင်ဆိုင်နေရာတာလည်း ဖြစ်ပါတယ်။

ဒေသခံတစ်ဦးကတော့ လက်ရှိမှာ စက်သုံးဆီတွေကို အရင်အတိုင်း လိုသလောက် ဝယ်ယူလို့မရဘဲ တန်းစီဝယ်ယူနေရဆဲ ဖြစ်သလို ဆီဆိုင်အားလုံးက ရောင်းချပေးခြင်းမျိုးမရှိဘဲ ဆိုင်အနည်းငယ်ကသာ ရောင်းချပေးတဲ့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။

“အရင်တိုင်းပဲ တိုးနေရတုန်းပေါ့။ တစ်ခါတလေကျရင် တစ်နာရီလောက်တောင် စောင့်ရတယ်။ ကားဆို ၂ သောင်းဖိုး၊ ဆိုင်ကယ်ဆို ၅ သောင်းဖိုး အဲဒီလိုမျိုး ရောင်းပေးတာ။ မော်လမြိုင်မြို့မှာဆိုရင် ဆီဆိုင်၂၀ ရှိတယ်ဆိုရင် ဆိုင်၂၀လုံး ဖွင့်ရင် ဒါတွေက ပြဿနာမှ မရှိတာ။ တစ်လီတာကို ၃ ထောင်ကျော် ကျော် ၄ ထောင်ပဲ ကျော်ကျော် ဆီဆိုင်အကုန်ဖွင့်မယ်ဆိုရင် ပြည်သူလူထုက သူ့ဘာသာသူ အဆင်ပြေတာပဲ။ ဘယ်ဆိုင်မှ လိုက်တန်းစီနေစရာ မလိုဘူး၊ အခုသူတို့က ဒီနေ့ ၃ ဆိုင်ပေးပြီး နောက်နေ့ကျမှ ၃ ဆိုင်၊ နောက်နေ့ကျမှ ၃ ဆိုင် ထပ်ပေးတယ်ဆိုတော့ ဒီလိုကျတော့ အဆင် မပြေဘူးပေါ့” လို့ ဆိုပါတယ်။

အခုလို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီး စက်သုံးဆီကို ဝယ်ယူနေရတာကြောင့် အလုပ်အကိုင်တွေပါ ပျက်ရသလို လိုသလောက် မရတဲ့အတွက်လည်း ချင့်ချိန်ပြီးတော့ သွားလာနေရတယ်လို့ သူက ဆက်ပြောပါတယ်။

စီးပွားရေးပညာရှင်တစ်ဦး ကတော့ အခုလိုစက်သုံးဆီ မကြာခဏ ပြတ်တောက်မှုတွေ ဖြစ်ပေါ် ရတာဟာ စစ်ကောင်စီက စက်သုံးဆီဈေးနှုန်းကို ထိန်းချုပ်ထားတဲ့အပြင် ဒေါ်လာဈေးနဲ့ တင်သွင်းနေရသူတွေကို သူတို့သတ်မှတ်တဲ့ ဈေးနဲ့ရောင်းခိုင်းတာကြောင့် မရောင်းကြတာဖြစ်သလို စက်သုံးဆီ ပြတ်လပ်မှုမရှိအောင် စက်သုံးဆီဈေးကွက်ကို လွှတ်ပေးသင့်တယ်လို့ ပြောပါတယ်။

“ဒီစက်သုံးဆီ ဈေးနှုန်းကို သူတို့ထိန်းချုပ်ထားတယ်။ စက်သုံးဆီတင်သွင်းသူတွေက ဘယ်သူက အခုအပြင်ဒေါ်လာဈေးနဲ့ သူတို့ရောင်းခိုင်းတဲ့ဈေးနဲ့ ဘယ်ရောင်းနိုင်တော့မလဲ။ အခုပြတ်တာ ကမ္ဘာမှာ စက်သုံးဆီပြတ်လို့ မဟုတ်ဘူး။ အခုက မြန်မာတစ်ခုတည်းမှာပဲဖြစ်တာဆိုတော့ အမှန်လုပ်ရမယ့်ဟာက ဒီဈေးကွက်ကို လွှတ်ပေးလိုက်ပေါ့။ သူတို့ အဆင်ပြေတဲ့ဈေးနဲ့ ရောင်းမှာပဲ။ အပြင်မှာ အဲဒီရဲ့ သက်ရောက်မှုကတော့ နှုန်းထားတက်မှာပေါ့။ ဒါပေမယ့် အခုလည်း ရှိနေတာပဲလေ။ အခုဟာက စက်သုံးဆီပြတ်ပြီးတော့ သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်လို့ ဖြစ်တယ်။ သူတို့ လွှတ် ပေးလိုက်လို့ရှိရင် စက်သုံးဆီဈေးတက်လို့ နှုန်းထားတက်မှာပေါ့။ ခြားနားမှုကတော့ဖြစ်မှာပဲ။ အမှန်ကတော့ သူတို့ ဒုက္ခမရောက်စေချင်ရင် စက်သုံးဆီဈေးကွက်ကိုလည်း လွှတ်ပေးသင့်တယ်” လို့ ဆိုပါတယ်။

လက်ရှိ ဒေသတွင်းမှာတော့ စက်သုံးဆီဝယ်ယူရ အခက်အခဲကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်တွေ မြင့်တက်လာသလို လျှပ်စစ်မီးမမှန်တဲ့အပြင် စက်သုံးဆီပါ ဝယ်ယူလို့ မရတာကြောင့် SME လုပ်ငန်းတွေပါ အပြည့်အဝ မလည်ပတ်နိုင်တော့ဘူးလို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက စက်သုံးဆီတွေကို ဝယ်ယူတဲ့နေရာမှာ ကန့်သတ်ဖို့ အတွက် စမတ်ကတ်နဲ့ ရောင်းချဖို့ ပြင်ဆင်တာတွေ ပြုလုပ်နေပြီး ဘယ်လိုပုံစံ၊ ဘယ်လိုနှုန်းထားတွေနဲ့ ရောင်းချပေးသွားမလဲဆိုတာကိုတော့ တရားဝင် ထုတ်ပြန်လာတာ မရှိပါဘူး။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ကတော့ မွန်ပြည်နယ်မှာ စက်သုံးဆီလိုအပ်ချက် မတ်ထရစ်တန် ၃၂၀၀၀ ကျော် လိုအပ်တာကြောင့် စက်သုံးဆီ မတ်ထရစ်တန် ၃၃၀၀၀ တင်သွင်း ဖြန့်ဖြူးပေးသွားမယ်လို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ ပြောဆိုခဲ့ပေမယ့် လက်ရှိ အချိန်အထိ စက်သုံးဆီ ပြဿနာပြေလည်ခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ်မှာတော့ စက်သုံးဆီနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုး ရ လက်ထက်မှာ ဓာတ်ဆီတစ်လီတာကို ကျပ် ၆၀၀ ဝန်းကျင်သာရှိရာကနေ လက်ရှိအချိန်မှာတော့ ၅ ဆကျော် မြင့်တက်လာတဲ့အပြင် ဈေးနှုန်းမတည်ငြိမ်မှုတွေနဲ့ ပြတ်လပ်မှုတွေကလည်း မကြာခ ဏ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.