ကိုလံဘို စက်တင်ဘာ ၂၁

သီရိလင်္ကာမှာ မကြုံစဖူး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လူကြိုက်မများတဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်အပေါ် ထိရောက်တဲ့ လူထုဆန္ဒခံယူပွဲ အဖြစ် စက်တင်ဘာ ၂၁ ရက်မှာ သမ္မတရွေးချယ်ရေး မဲစတင်ပေးနေကြပြီ ဖြစ်ပါတယ်။

သမ္မတ ဂိုတာဘာယာ ရာဂျာပက်စကာကို ရာထူးက ပြုတ်ကျစေခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကြီးမားတဲ့ ဆန္ဒပြပွဲတွေနောက်ပိုင်း ဒါဟာ သီရိလင်္ကာရဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ပါတယ်။

စားနပ်ရိက္ခာ၊ လောင်စာနဲ့ ဆေးဝါး လများစွာကြာ ပြတ်လပ်မှုကို အဆုံးသတ်စေပြီး စီးပွားရေး တည်ငြိမ်စေမယ့် အစီအစဉ်တွေ ဆက်လက် လုပ်ဆောင်နိုင်ရေး ရာဂျာပက်စကာရဲ့ နေရာကို ဆက်ခံသူ သမ္မတ ရာနီးလ်က ထောက်ခံမှု ရရှိရေး တိုက်ပွဲဝင်နေရဆဲဖြစ်ပါတယ်။

သမ္မတဟောင်း ရာဂျာပက်စကာရဲ့ နေအိမ်ကို ထောင်နဲ့ချီတဲ့ လူတွေက ဝင်ရောက်စီးနင်းခဲ့ကြတဲ့ ၂၀၂၂ ခုနှစ်က လူထု မငြိမ်သက်မှုဖြစ်ပြီးနောက် သမ္မတ ရာနီးလ်ရဲ့ နှစ်နှစ်ကြာ အုပ်ချုပ်မှုအတွင်း လမ်းပေါ်မှာ ငြိမ်သက်မှုတွေ ပြန်ရရှိလာခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက် နံနက်က မဲထည့်ပြီးနောက် သမ္မတ ရာနီးလ်က ကျွန်တော် ဒီနိုင်ငံကို ဒေဝါလီခံနေရတဲ့ အခြေအနေက လွတ်မြောက်အောင် လုပ်ပေးခဲ့ပြီးပါပြီလို့ ပြောကြားထားပါတယ်။

ဒါပေမဲ့ သမ္မတ ရာနီးလ်ရဲ့ အခွန်တိုးမြှင့်မှု၊ IMF ရဲ့ ဒေါ်လာ ၂ ဒဿမ၉ ဘီလီယံ တန်ဖိုးရှိ အကြပ်အတည်းကနေ ကယ်ထုတ်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆောင်ရွက်ခဲ့ရတဲ့ တခြားအစီအစဉ်တွေကြောင့် လူသန်းပေါင်းများစွာ အခက်ကြုံခဲ့ရပါတယ်။

သူဟာ သမ္မတနေရာအတွက်အဓိက စိန်ခေါ်သူ နှစ်ယောက်ထဲက တစ်ယောက်ကို ရှုံးလိမ့်မယ်လို့ ထင်ကြေးပေးခံထားရပါတယ်။

သမ္မတ ရာနီးလ်ရဲ့ အဓိက ပြိုင်ဖက်တစ်ဦးမှာ အတိတ်က အကြမ်းဖက်မှုကြောင့် ဂုဏ်သတင်း မကောင်းတဲ့ တစ်ခါက ဘေးဖယ်ခံထားရတဲ့ မာ့စ် ဝါဒီပါတီ ခေါင်းဆောင် အနူရာ ကုမာရ ဒစ်ဆာနာယာကာ ဖြစ်ပါတယ်။

ခေါင်းဆောင် အနူရာရဲ့ ပါတီဟာ လူ ၈၀၀၀၀ ကျော် သေဆုံးခဲ့ရတဲ့ ၁၉၇ဝ ပြည့်နှစ်နဲ့ ၁၉၈ဝပြည့်နှစ်က မအောင်မြင်တဲ့ ဆူပူအုံကြွမှု နှစ်ခုကို ဦးဆောင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ နောက်ဆုံး လွှတ်တော် ရွေးကောက်ပွဲတုန်းက အဲဒီ ပါတီဟာ မဲ ၄ ရာခိုင်နှုန်းအောက်ပဲ အနိုင်ရရှိခဲ့ပါတယ်။

အတိုက်အခံ ခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာဟာလည်း ထောက်ခံမှု အများကြီး ရရှိမယ်လို့ မျှော်လင့်ရပါတယ်။

သူဟာ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ၁၉၉၃ ခုနှစ်မှာ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတဲ့ သမ္မတရဲ့ သားဖြစ်ပါတယ်။

သူက အကျင့်ပျက် ခြစားမှု တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားပြီး သူနဲ့ ဒစ်ဆာယာနာကာတို့ နှစ်ဦးစလုံးက IMF ရဲ့ အကြပ်အတည်းကနေ ကယ်ထုတ်ရေး အစီအစဉ် သတ်မှတ်ချက်တွေကို ပြန်လည် ညှိနှိုင်းသွားမယ်လို့ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူ စုစုပေါင်း ၃၉ ဦးရှိပြီး ပြီးခဲ့တဲ့နှစ်က နှလုံးရောဂါနဲ့ သေဆုံးသွားတဲ့ အသက် ၇၉ နှစ်အရွယ် ကိုယ်စားလှယ် တစ်ဦးတောင် စာရင်းထဲ ပါဝင်နေတာ တွေ့ရပါတယ်။

မဲပေးဖို့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူ ၁၇ သန်းရှိပြီး မဲရုံတွေနဲ့ မဲရေတွက်ရာ နေရာတွေကို စောင့်ကြပ်ရေး ရဲ ၆၃၀၀၀ ချထားပါတယ်။

စက်တင်ဘာ ၂၂ ရက်မှာ ရလဒ်ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပေမယ့် ထိပ်ဆုံး ကိုယ်စားလှယ်လောင်း နှစ်ဦး အကြိတ်အနယ် ဖြစ်နေရင်တော့ တရားဝင် ရလဒ် ထွက်ပေါ်လာဖို့ ထပ်ပြီး စောင့်ရနိုင်ပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.