ထားဝယ်၊ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ထပ်မံကျူးလွန်ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စက်တင်ဘာ ၂၀ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်မှာ မောင်မယ်ရှောင်ကျေးရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လာရောက်တိုက်ခိုက်ခဲ့တဲ့အတွက် အချိန် ၂ နာရီနီးပါးကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ဒေသခံနေအိမ်တွေကို မီးရှို့ခဲ့တဲ့အတွက် နေ အိမ်တွေ မီးလောင်ပျက်စီးတာတွေရှိနေပြီး အရေအတွက် အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မောင်မယ်ရှောင်ဒေသခံတစ်ဦးက စစ်ကောင်စီတပ်ဟာ သူတို့တိုက်ခိုက်ခံရတိုင်း ကျေးရွာအတွင်း နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

မောင်မယ်ရှောင်ကျေးရွာက နေအိမ်တွေဟာ အခုတစ်ကြိမ်အပါအဝင် လေးကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခံထားရပြီး နေအိမ်အလုံး ၂၀ ထက်မနည်း မီးလောင်ပျက်စီးထားပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက မောင်မယ်ရှောင်ကျေးရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့အတွက် ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သုတေသနအဖွဲ့ဖြစ်တဲ့ Data for Myanmar ရဲ့ အစီရင်ခံစာအရ အာဏာသိမ်းမှု သုံးနှစ်ကျော်အတွင်း စစ်ကောင်စီနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် အရပ်သားနေအိမ်ပေါင်း တစ်သိန်းကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.