တနင်္သာရီ၊ စက်တင်ဘာ ၂၁

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် လသာကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦး သေဆုံးခဲ့တယ်လို့ မြိတ်မြို့နယ် ပကဖ ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က တပ်အင်အား ၄၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လသာကျေးရွာအနီး ဆီအုန်းတောအစပ်မှာ တော်လှန်ရေးအင်အား စုပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

မိုင်းဆွဲခံရပြီးနောက် ထပ်မံပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်ခုနှစ်ဦး မျက်မြင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်းရှိတယ်လို့ မြိတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုလရောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ရှေ့ဆက်မတိုးဘဲ ဇဝဲအခြေစိုက်တပ်ထံ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်၂၉ ရက်နေ့ကစပြီး ပိန်းတောကျေးရွာဘက်ကို တပ်ချိန်းဖို့ အင်အား ၉၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ခြောက်မိုင်ကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စတင်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကူအင်အားထပ်ဖြည့်လာရာကနေ ဘန်လော၊ ညောင် ပင်ကွင်း၊ ခြောက်မိုင်ကျေးရွာတွေမှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

နှစ်ဖက်တိုက်ပွဲတွေကြောင့် ခြောက်မိုင်၊ ထုံတော်၊ ဘန်လော၊ ညောင်ပင်ကွင်း၊ တနင်္သာရီနဲ့ ရေခမ်းချောင်းကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်သေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.