ဘားအံ စက်တင်ဘာ ၂၂

KNU တပ်မဟာ ၃ နယ်မြေ မုန်းမြို့နယ်ထဲမှာ စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ ၅ သောင်းနီးပါးကို ကူညီပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိနေပြီး အဲဒီရေဘေးသင့် ဒေသ ခံပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေကြောင်း ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေး ကော်မတီ(မုန်းမြို့နယ်) က စက်တင်ဘာ ၂၀ ရက်စွဲနဲ့ သဘောထားထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကစပြီး အခုလက်ရှိအချိန်အထိ စစ်တောင်းမြစ် ရေကြီးရေလျှံမှုကြောင့် KNU ညောင်လေးပင်ခရိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀၃ ရွာ၊ အိမ်ခြေ ၁၄၂၆၁ လုံးနဲ့ ဒေသခံ လူဦးရေ စုစု ပေါင်း ၄၈၄၅၃ ဦးတို့ဟာ ရေဘေးသင့်နေရတယ်လို့ ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

ဒီလို ရေဘေးသင့်ပြည်သူတွေအတွက် ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(မုန်းမြို့ နယ်) အနေနဲ့ ကျေးရွာအရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းကာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ရရှိနိုင်တဲ့ အရင်းအမြစ်တွေကနေတစ်ဆင့် အစွမ်းကုန်ကြိုးပမ်းကူညီ ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေကြီးမှုကြောင့် ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့နေရတဲ့ ပြည်သူတွေဆီကို လာရောက်ကူညီပေးတဲ့ လူမှုပရဟိတအဖွဲ့အစည်းတွေအပေါ် စစ်ကောင်စီတပ်က တားဆီးခြိမ်းခြောက်တာ ပစ္စည်းတွေသိမ်းယူတာ လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်တာစတဲ့ အကြမ်းဖက်မှုတွေလုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ရှုတ်ချတယ်လို့လည်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(မုန်းမြို့နယ်) ဆိုပါတယ်။

ဒါကြောင့် လက်ရှိဖြစ်ပေါ်လျက်ရှိနေတဲ့ ရေကြီးရေလျှံမှုတွေကြောင့် ဒေသခံပြည်သူတွေလူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာများစွာ အရေးတကြီးလိုအပ်နေတဲ့အချိန် ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက သက်ဆိုင်ရာလူမှုအကျိုးပြုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ ကူညီပံ့ပိုးပေးဖို့ တောင်းဆိုတယ်လို့ ဆိုထားပါတယ်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ(မုန်းမြို့နယ်)ဟာ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို လက်ခံမှာမဟုတ်ဘဲ ပြည်သူနဲ့အတူယှဉ်တွဲပြီး အမှန်တရားဘက်ကိုသာ အစဉ်အမြဲရပ်တည်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.