သထုံ၊ စက်တင်ဘာ ၂၁

တပ်အင်အားပြုန်းတီးမှုကြောင့် စစ်မှုထမ်းအပတ်စဉ်တွေ ခပ်စိပ်စိပ် ခေါ်ယူနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်မှုထမ်းဆင့်ခေါ်ခံရသူတွေ ထွက်ပြေးရင် မိသားစုကိုဖမ်းဆီးမယ်လို့ ခြိမ်းခြောက်လာကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်တွေဟာ အခုစက်တင်ဘာလကစပြီး သထုံမြို့ပေါ်နဲ့ ရပ် ကွက်ကျေးရွာချို့မှာ စစ်မှုထမ်းအမည်စာရင်း ပါရှိသူတွေကို နေအိမ်တွေမှာ ဆင့်ခေါ်စာတွေ လိုက် လံပို့ဆောင်နေတာပါ။

အဲဒီလိုစစ်မှုထမ်း ဆင့်ခေါ်စာတွေ ပို့ဆောင်ရာမှာ စစ်မှုထမ်းအမည်စာရင်း ပါရှိသူတွေအနေနဲ့ ထွက် ပြေးတာမလုပ်ဖို့နဲ့ ထွက်ပြေးပါက မိသားစုကို ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်လာတာ ဖြစ်ပါတယ်။

စစ်မှုထမ်းဆင့်ခေါ်ရာမှာ စစ်ကောင်စီအဖွဲ့တွေက ငွေကြေးမတတ်နိုင်တဲ့သူတွေ၊သူတို့ကိုမထောက် ခံတဲ့သူတွေ၊ အခြေခံလူတန်းစားတွေနဲ့ နေ့လုပ်နေ့စား မိသားစုတွေကို အဓိကပစ်မှတ်ထား ခေါ်ယူနေတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်မှုထမ်းအမည်စာရင်း ပါရှိသူတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးခေါ် ဆောင်တာ၊ ညပိုင်းဧည့်စာရင်းဝင်စစ်စဉ် ဖမ်းဆီးသွားတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတွေအဆိုအရ အခုလအတွင်း သထုံမြို့နယ်မှာ စစ်မှုထမ်းအတွက် ဖမ်းဆီးခံရသူ ၃၀ ထက်မနည်းရှိနိုင်တယ်လို့ ပြောဆိုကြပေမယ့် သံလွင်တိုင်းမ်အနေနဲ့ ဒီအချက်အလက်အပေါ် အတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က စစ်မှုထမ်းဆင့်ခေါ်တာ၊ ညပိုင်းလုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ဆို့စစ်ဆေးမှုတွေများလာတာကြောင့် သထုံမြို့ပေါ်မှာ ည ၈ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူ မရှိသ လောက် နည်းပါးနေပြီး ဒေသခံတွေအကြား စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေပါတယ်။

နိုင်ငံအနှံ့ ခုခံတော်လှန်စစ် တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၅ အထိ ခေါ်ယူထားတာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ် စဉ် ၅ အထိ စစ်သားစုဆောင်းခံရသူ ၁၂၀၀ ကျော်အထိ ရှိလာပါတယ်။

စစ်သားစုဆောင်းခံရသူတွေကိုတော့ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာအခြေစိုက် တကက-၄ တပ်မတော် တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေး သင်တန်းကျောင်းတွေမှာ သင်တန်းပေးနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.