မော်လမြိုင် ၊ စက်တင်ဘာ ၂၁

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်နယ်အားကောင်းရေးကို ရှေုးရှုတဲ့ ချဉ်းကပ်မှုနဲ့ အ‌ကောင်အထည်ဖော်သွားမယ်လို့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ တိုင်းရင်းသားအဖွဲ့တွေက စက်တင် ဘာ ၁၉ ရက်နေ့မှာ သဘောထားထုတ်ပြန်ကြေညာပါတယ်။

တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပြည်နယ်၊ လူမျိုးကိုယ်စားပြုကောင်စီတွေက အ နာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုတွေကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီညှိနှိုင်းမှုတွေကတဆင့် ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) နဲ့ ပတ်သက်ပြီး အဖွဲ့အစည်း ၉ ဖွဲ့က သဘောတူညီချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီKNPP အတွင်းမှူးရေး ၂ လည်းဖြစ်တဲ့ ပြောခွင့်ရ ဦးအောင်ဆန်းမြင့်က ဖြတ်သန်းလာတဲ့ နိုင်ငံရေးအတွေ့အကြုံတွေအရ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးအခြေခံမူနဲ့ သွားမှသာ မြန်မာ့အရေး ကျော် လွှားနိုင်မယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ဒီကနေ့ ဖြတ်သန်းလာခဲ့ကြတဲ့ နိုင်ငံရေးအတွေ့အကြုံတွေအရ Bottom-up Feder alism ဆိုတဲ့ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးအခြေခံမူနဲ့ သွားမှသာ မြန်မာ့နိုင်ငံရေးအခက်အခဲတွေ နိုင်ငံအခင်းအကျင်းတွေကို ကျွန်တော်တို့ ကျော်လွှားနိုင်မယ်လို့ ရည်ရွယ်ဆုံးဖြတ်တဲ့အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်။ နောက်တစ်ခုက ပြည်ထောင်စုဆိုတဲ့ ဝေါ ဟာရ အနက်အဓိပ္ပာယ်ကို ပြန်စဉ်းစားဖို့လိုတယ်။ ဆို‌တော့ ပြည်နယ်တွေ ပြည်ထောင်တွေ မရှိဘဲနဲ့ ပြည်ထောင်စုဆိုတာလည်း ပေါ်ပေါက်လာဖို့မရှိဘူး။ ဒီအတွက်ကြောင့် အခြေခံဖြစ်တဲ့ ပြည်နယ်တွေ ပြည်ထောင်တွေရဲ့ အားကောင်းရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုတဲ့ အယူအဆကနေ ဆုံးဖြတ်ချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်တယ်”လို့ ဆိုပါတယ်။

ပြည်နယ်တွေ ပြည်ထောင်တွေမရှိဘဲ ပြည်ထောင်စုဆိုတာ ပေါ်ပေါက်လာဖို့ မရှိတာကြောင့် အခြေ ခံဖြစ်တဲ့ ပြည်နယ်တွေ ပြည်ထောင်တွေရဲ့ အားကောင်းရေးကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုတယ်ဆိုတဲ့ အယူအဆကနေ ဆုံးဖြတ်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။

ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာမှာ ပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအားကောင်းရေးချဉ်းကပ်မှုနဲ့ တော်လှန်ရေးကာလက စတင်ပြီး မိမိတို့ အဖွဲ့အစည်းတွေက အတူတကွ တည်ဆောက်သွားမယ်လို့ ကြေညာထားတာပါ။

အဲဒီအတွက် အခြေခံမူအနေနဲ့ အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်တွေက ပြည်နယ်ဖက်ဒရယ်ယူနစ်တွေနဲ့ သူတို့ ဒေသအတွင်းရှိ ပြည်သူလူထုတွေဖြစ်ပြီး ပြည်နယ်ဖက်ဒရယ်ယူနစ်တွေက တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အချုပ်အခြာအာဏာ၊ သွေးစည်းညီညွတ်မှု၊ လူထုနဲ့ အနီးကပ်ဆုံးအာဏာနဲ့ အချိုးကျမှု အခြေခံမူတွေအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မယ်လို့ ထုတ်ပြောထားတာပါ။

ပြည်နယ်အားကောင်းမှုကနေ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစုတွေကြား ဆက်လက်ညှိနှိုင်းအကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးချမှတ်ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

တစ်ဘက်မှာ ဒီကြေညာချက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ဗဟိုအာဏာပိုင်အ ဖြစ် အသိအမှတ်မပြုဘူးဆိုတဲ့ ဝေဖန်မှုတချို့ရှိနေတဲ့အပေါ် ဦးအောင်ဆန်းမြင့်ကတော့ လက်တွေ့မှာ NUG ၊ NUCC တို့နဲ့ ညှိနှိုင်းပြီး သွားနေတာလို့ ဆိုပါတယ်။

ကြေညာချက်မှာပါတဲ့ တိုင်းရင်းသားခုခံတော်လှန်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်အမျိုးသားအစည်အရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၊ ချင်းအမျိုးသားတပ်ဦး CNF နဲ့ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး NMSP – AD တို့ ဖြစ်ပါတယ်။

ဒ့ါအပြင် ပြည်နယ်လူမျိုးကိုယ်စားပြုကောင်စီတွေဖြစ်တဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ KSCC ၊ မွန်ပြည် ဖက်ဒရယ်ကောင်စီ MSFC ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC၊ တအာင်းနိုင် ငံရေးအတိုင်ပင်ခံကော်မတီ TPCC နဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB တို့လည်း ပါဝင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.