ဒိုက်ဦး၊ စက်တင်ဘာ ၂၁

နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ပဲခူးတိုင်း ဒိုက်ဦးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးထံ ဆေးလိပ်လိပ်ရာမှာ အသုံးပြုတဲ့စာရွက် (ပွတ်ချွန်းအခွံ) တွေ့ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ထံက သိရပါတယ်။

ထောင်အဆောင်းမှူး ရဲထွဋ်ဝင်းနဲ့ ဒုတပ်ကြပ် စောအောင်ကိုလေးတို့က ပွတ်ချွန်းအခွံတွေ့ ရှိတယ်လို့ ဆိုကာ ပုဒ်မ ၅၀၅ နဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၄ ရက်နေ့က ရိုက်နှက်ညှဉ်းပန်းနှိပ်စက်ခဲ့တာပါ။

နိုင်ငံရေးအကျဉ်းသားအား ရိုက်နှက်မှုကို အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိကဦးဆောင်ပြီး အကျဉ်း သားရဲ့ ဦးခေါင်းနဲ့ နောက်စေ့ကို စစ်ဖိနပ်နဲ့တက်နင်းတာ၊ မျက်နှာကို စစ်ဖိနပ်နဲ့ ကန်ကျောက်တာအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာ ပြုလုပ်ခဲ့တာကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

PPNM ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “ရိုက်နှက်တဲ့ အခါမှာလည်း လူမဆန်တဲ့ ရိုက်နှက်မှုနဲ့ ဦးခေါင်းတွေကို ကန်တာမျိုး မျက်နှာတွေကို ကန်တာမျိုးလုပ်တဲ့အပြင် ကျွန်တော်တို့ ဝါး ဆစ်ပိတ်တုတ်တွေနဲ့ပါ ရိုက်နှက်ခံရတာဖြစ်တဲ့အတွက် နောက်ကျောတွေမှာ ပွန်းပဲ့နဲ့ ပြတ်ရှဒဏ်ရာ တွေရရှိခဲ့တယ်”လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း အကျဉ်းထောင်တွေထဲမှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်ထားပေမယ့် အကျဉ်းဦးစီးဝန်းထမ်းတွေက ကြားပေါက်ဝင်ငွေရဖို့အတွက် ဆေးရွက်ကြီးထုပ်တွေနဲ့ ဆေးလိပ်အကြမ်းမှုန့်ထုပ်တွေကိုသွင်းယူပြီး ရောင်းချနေတယ်လို့ ဆိုပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်ခဲ့ကြတဲ့ ဒိုက်ဦးထောင် အဆောင် ၅ ရဲ့ အဆောင်မှူးနဲ့ ရိုက်နှက်မှုမှာ ပါဝင်ခဲ့တဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကို အကူးအပြောင်းကာလမှာ တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် စနစ်တကျ မှတ်တမ်းတင်ထားတယ်လို့ PPNM အသိပေးထာပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း ဖမ်းဆီးခံရတဲ့ အရပ်သားပြည်သူ ၂၇၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ၂၀၀၀၀ ကျော် ဆက်လက်ထိန်းသိမ်းခံထားရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Google

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.