မကွေး စက်တင်ဘာ ၂၀

မကွေးတိုင်း စေတုတ္တရာမြို့နယ်က စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာ လိုအပ်ချက် အတော်တော်များများ ရှိနေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ တိုက်ပွဲတွေဖြစ်ပွားပြီးတဲ့နောက် စေတုတ္တရာမြို့နယ် ဝန်လို၊ ခိုနန်း၊ မုန်ညင်းကျေးရွာတွေမှာ စစ်ဘေးရှောင် ၁၄၀၀ ကျော်ရှိနေတာပါ။

“စုဆောင်းထားတဲ့ဟာတွေကလည်း စစ်တပ်နဲ့ပျူစောထီးတွေက အကုန်သယ်သွားတယ်။ အခု ကာကွယ်ရေးအဖွဲ့တွေကတော့ ကူညီနေတယ်။ဒါပေမဲ့လို့ လုံလုံလောက်လောက် မရရှိသေးဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပွင့်ဖြူမြို့နယ်က တပ်ရင်းတပ်ဖွဲ့တွေ အဓိကလှုပ်ရှားတဲ့ နယ်​မြေဖြစ်တာကြောင့် ပွင့်ဖြူ ပ.က.ဖ အပါအဝင် တပ်ရင်းတပ်ဖွဲ့တွေ၊ စေတုတ္တရာမြို့နယ်က ပ.က.ဖ၊ ပ.အ.ဖ နဲ့ လူကယ်ပြန်တို့က စစ်ဘေးရှောင်တွေကို ကူညီနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျွန်တော်တို့မှာလည်း တတ်စွမ်းသမျှ မျှဝေပေးတာတွေ၊ အထက်ကပေးတာတွေကို ကူညီမျှဝေပေးတာတွေရှိပါတယ်။ ဒါပေမဲ့ ဒါတွေကယာယီပဲ ဖြေရှင်းဖို့တောင်မလုံလောက်သေးပါဘူး” လို့ ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဓိကလိုအပ်နေတာဟာ ဆန်၊ ဆီ၊ ဆားနဲ့ တစ်ကိုယ်ရေသုံး အသုံးဆောင်တွေဖြစ်ပြီး ဒီပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက်လည်း စစ်ကောင်စီက ကန့်သတ်တာတွေ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ရှောင်ကျေးရွာတွေဟာ ဝါးလုပ်ငန်းကိုသာ အဓိကထားရတဲ့အတွက် ဝယ်သူမရှိတာကြောင့် ဝင်ငွေလည်းမရရှိဘဲ အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.