ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၀

အရှေ့အလယ်ပိုင်းနဲ့ ဥရောပက စစ်ပွဲတွေ လျှံထွက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရချိန် ကမ္ဘာ့ခေါင်းဆောင် ၁၃၀ ကျော်ဟာ လာမယ့် သီတင်းပတ် ကုလသမဂ္ဂမှာ တွေ့ဆုံကြဖို့ ရှိနေကြပါတယ်။

ရာသီဥတုနဲ့ လူသားချင်းစာနာထောက်ထားရေး ပြဿနာတွေ ပိုမိုဆိုးရွားလာနေချိန် အဲဒီစစ်ပွဲတွေ အဆုံးသတ်စေရေး ကြိုးပမ်းမှုတွေ အရှိန်နှေးနေတဲ့ အပေါ် စိတ်ပျက်မှု တချို့ရှိနေပါတယ်။

ကုလသမဂ္ဂရဲ့ နှစ်စဉ် အထွေထွေညီလာခံမှာ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမာ့စ်တို့အကြား စစ်ပွဲ၊ ယူကရိန်းမှာ ရုရှားတိုက်ခိုက်နေတဲ့ စစ်ပွဲ အကြောင်းတို့ကို အဓိကထား ဆွေးနွေး ကြမယ်လို့ မျှော်လင့်ရပေမယ့် သံတမန်တွေနဲ့ လေ့လာသူတွေက ငြိမ်းချမ်းရေး ရဖို့အထိ မျှော်လင့်မထားဘူးလို့ ပြောဆိုထားပါတယ်။

ဂါဇာ၊ ယူကရိန်းနဲ့ ဆူဒန်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေဟာ အထွေထွေ ညီလာခံမှာ အဓိကထား ဆွေးနွေးကြမယ့် ကိစ္စ သုံးရပ် ဖြစ်ပါတယ်။
အဲဒီစစ်ပွဲတွေထဲက တစ်ပွဲအတွက်မှ အဖြေထွက်ပေါ်လိမ့်မယ်လို့ မထင်မိတဲ့အကြောင်း နိုင်ငံတကာ ပဋိပက္ခ ဖြေရှင်းရေးအဖွဲ့ရဲ့ ကုလသမဂ္ဂ ညွှန်ကြားရေးမှူး ရစ်ချက် ဂိုဝမ်က ပြောပါတယ်။

ဂါဇာနဲ့ ယူကရိန်း စစ်ပွဲတွေဟာ ဘာငြိမ်းချမ်းရေး ဖြေရှင်းချက်မှ မမြင်တွေ့ရသေးတဲ့ အခြေအနေနဲ့ တန်းလန်းကြီး ဖြစ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်ဇ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။

အစ္စရေးက မိမိတို့ တပ်ဖွဲ့ဝင်တွေ အသုံးပြုနေတဲ့ ပေဂျာတွေနဲ့ လမ်းလျှောက် စကားပြောစက်တွေမှာ ဖောက်ခွဲရေး ပစ္စည်းတွေထည့်ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ လက်ဘနွန် စစ်သွေးကြွအဖွဲ့ ဟစ်ဇဘိုလာက စွပ်စွဲလိုက်ပြီးနောက် ဂါဇာ စစ်ပွဲ ပိုမိုကျယ်ပြန့်လာတော့မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ပိုမို ကြီးထွားလာခဲ့ပါတယ်။

ဒီစွပ်စွဲချက်နဲ့ ပတ်သက်လို့ အစ္စရေးက ငြင်းဆိုမှုလည်း မရှိသလို ဝန်ခံတာလည်း မရှိသေးပါဘူး။ လာမယ့် စက်တင်ဘာ ၂၆ ရက်နေ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုရော ပါလက်စတိုင်း သမ္မတ မာမွတ် အဘတ်စ်တို့ နှစ်ဦးစလုံး မိန့်ခွန်း ပြောဖို့ ရှိနေပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးလည်း မိန့်ခွန်းပြောဖို့ စီစဉ်ထားပြီး ရုရှား-ယူကရိန်းစစ်ပွဲကို သံတမန်နည်းနဲ့အဆုံးသတ်ရေး အစီအစဉ်တစ်ရပ် သူ့မှာ ရှိနေပါတယ်။

ဥရောပ အင်အားကြီးတွေက အီရန်ရဲ့ နျူကလီယား စီမံကိန်းကို ထိန်းချုပ်ရေး ကြိုးပမ်းလာနိုင်ပြီး အရှေ့အလယ်ပိုင်းမှာ အီရန် ပါဝင်မှုနဲ့ ပတ်သက်လို့လည်း ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ၂၀၂၀ ပြည့်နှစ်မှာ အွန်လိုင်းကနေ မိန့်ခွန်း ပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ်ကလည်း နယူးယောက်ကို လူကိုယ်တိုင် ရောက်မလာခဲ့ပါဘူး။ သူ့ကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာလည်း ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက် အထွေထွေ ညီလာခံမှာတော့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗရော့ကပဲ သူ့ကိုယ်စား မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.