မော်လမြိုင်၊ စက်တင်ဘာ ၁၉
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ညှင်းပန်းနှိပ်စက်မှုတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် အကျဉ်းထောင်တွေထဲမှာ လူပေါင်း ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHRC က ထုတ်ပြန်ပါတယ်။
UNHRC ရဲ့ စက်တင်ဘာ ၁၇ ရက်နေ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေထဲမှာ ကလေး ၈၈ ဦးနဲ့ အမျိုးသမီး ၁၂၅ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၁၈၅၃ ဦးဟာ အကျဉ်းထောင်တွေထဲမှာ အ ကြမ်းဖက် စစ်ဆေးခံရတာနဲ့ ကျန်းမားစောင့်ရှောက်မှု ငြင်းပယ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လူပေါင်း ၂၇,၄၀၀ နီးပါး ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ အခုနှစ် ဖေဖော်ဝါရီလမှာ ထုတ်ပြန်လိုက်တဲ့ စစ်မှုထမ်း ဥပဒေကြောင့် ဖမ်းဆီးခံရသူ ပိုမိုများပြားလာတယ်လို့ UNHRC ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါရှိပါတယ်။
အမျိုးသမီးအကျဉ်းသူများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဇူးဇူးမေယွန်းက အကျဉ်းထောင်တွေနဲ့ စစ် ကြောရေးခန်းတွေမှာ ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးသူတွေဟာ UNHRC ထုတ်ပြန်ချက်ထက် မြေပြင်မှာ လူမသိသူမသိ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူတွေလည်း ရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ဒီထုတ်ပြန်ထားတဲ့ လူဦးရေထက်တောင်မှ ပိုပြီးတော့ လူမသိ သူမသိနဲ့ သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေလည်း ရှိနေတယ်ပေါ့နော်။ လက်ရှိမှာဆိုလည်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသူတွေကို ထောင်အပြောင်းအရွှေ့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တစ်ထောင်နဲ့ တစ်ထောင်ပြောင်းတဲ့ အချိန်မှာ ရှာဖွေရေးကိုအကြောင်းပြုပြီး ညှင်းပန်းနှိပ်စက်မှုတွေ ပြီးတဲ့အခါကျရင် ဒဏ်ရာရတဲ့ အ ကျဉ်းသူတွေကို ဆေးဝါးကုသခွင့်မရဘဲနဲ့ တိုက်ပိတ်ပြစ်ဒဏ်တိုက်ထဲမှာ ပိတ်လှောင်ထားတာတွေ ဒါမျိုးတွေကိုလည်း သူတို့တွေလုပ်ဆောင်နေကြတယ်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက ဖမ်းဆီးလိုက်တဲ့ အမျိုးသမီးတွေဟာ အသက်မပြည့်သေးတဲ့ အမျိုးသမီးငယ်တွေ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်သည်တွေ အပါအဝင် တခြားအကျဉ်းသူတွေဟာလည်း ညှင်း ပန်းနှိပ်စက်မှုနဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ခံနေရတယ်လို့ သူကဆက်ပြောပါတယ်။
UNHRC က မေးမြန်းထားချက်တွေအရ စစ်ကောင်စီရဲ့ တာဝန်ရှိသူတွေဟာ အကျဉ်းသားတွေကို တွဲလောင်းဆွဲထားပြီး အစားအစာနဲ့ ရေမပေးတာ၊ ချွန်ထက်တဲ့အရာတွေပေါ်မှာ ဒူးထောက်သွားခိုင်းတာ၊ မာကျောတဲ့ အရာတွေနဲ့ ရိုက်နှက်တာ၊ ကျင်စက်၊ မီးခြစ်၊ ဆေးလိပ်နဲ့ ရေနွေးပူနဲ့ လောင်းတာ၊ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ဖြတ်တောက်တာ၊ လက်သည်းခြေသည်းတွေကို ဆွဲထုတ်တာစတဲ့ နည်းလမ်းတွေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အခုလို ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံတကာ ဥပဒေချိုးဖောက်မှု ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူတာတွေ မရှိတဲ့အပြင် ရာဇဝတ်မှုတွေကို ထပ်ခါတလဲလဲ ကျူးလွန်နေတယ်လို့ ဆိုပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတကာနဲ့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ စစ်ကောင်စီနဲ့ အကျဉ်းဦး စီးဌာနကို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်နိုင်သရွှေ့ ဒီလိုမျိုးအကျဉ်းထောင်တွင်း သေ ဆုံးမှုတွေဟာ လျော့နည်းလာမှာမဟုတ်ဘူးလို့ PPNM ရဲ့ ပြောရေဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဗော်လ်ကာတာ့က် Volker Turk က လက်ရှိမြန်မာနိုင်ငံ အ ခြေအနေ အားလုံးကို နိုင်ငံတကာ ရာဇဝတ်တရားရုံးထံ လွှဲပြောင်းပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။
UNHRC ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အရပ်သားပြည်သူ ၅,၃၅၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး လူပေါင်း ၃ ဒသမ ၃ သန်းကျော်ဟာလည်း အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရသလို လူဦးရေ ထက်ဝက်ကျော်ဟာ စစ်ရေးအကြမ်းဖက်မှုတွေကြောင့် ဆင်းရဲမွဲတေမှုနဲ့ ရင် ဆိုင်နေရတယ်လို့ အစီရင်ခံစာအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TLT