မော်စကို၊ စက်တင်ဘာ ၁၈
ကရင်မလင်နန်းတော်ကနေ အမိန့်ပေးလာပါက အချိန်မရွေး နျူကလီးယား စမ်းသပ်မှုတွေကို ပြန်လည် စတင်ဖို့ အသင့်ရှိနေပြီလို့ ရုရှားရဲ့ လျှို့ဝှက်နျူကလီးယား စမ်းသပ်ရေး လုပ်ငန်းခွင် အကြီးအကဲက စက်တင်ဘာ ၁၇ ရက်က ပြောကြားလိုက်ပါတယ်။
ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင် တစ်နှစ်အလို ၁၉၉၀ ပြည့်နှစ်မှာကတည်းက မော်စကိုအစိုးရဟာ နျူကလီယား လက်နက် စမ်းသပ်မှုတွေ မလုပ်ဆောင်တော့ပေမယ့် ယူကရိန်းက အနောက်တိုင်း တာဝေးပစ်လက်နက်တွေ သုံးပြီး ရုရှားနိုင်ငံထဲကို တိုက်ခိုက်ခဲ့မယ်ဆိုရင် သမ္မတ ဗလာဒီမာ ပူတင်က အနောက်တိုင်းကို သတိပေးတဲ့ အနေနဲ့ နျူကလီးယား စမ်းသပ်ရေး အမိန့်ပေးလာနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ရုရှားက နျူကလီးယား လက်နက် စမ်းသပ်မှုလုပ်ခဲ့ရင် တရုတ်နဲ့ အမေရိကန်တို့လည်း အလားတူ စမ်းသပ်မှုတွေ လုပ်ဆောင်လာနိုင်ပြီး ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား နျူကလီးယား လက်နက် ပြိုင်ဆိုင်မှု တစ်ရပ် ဖြစ်လာနိုင်ပါတယ်။
ရုရှားရဲ့ စမ်းသပ်ရေး နေရာဟာ အလှမ်းဝေးတဲ့ အာတိတ်သမုဒ္ဒရာထဲက နိုဗာယာ ဇမ်လယာ ကျွန်းပေါ်မှာ တည်ရှိတာ ဖြစ်ပါတယ်။
အဲဒီ နေရာမှာ ၁၉၆၁ ခုနှစ်က ကမ္ဘာ့အားအပြင်းဆုံး နျူကလီးယား ဗုံး စမ်းသပ်မှု အပါအဝင် ဆိုဗီယက်ပြည်ထောင်စုက နျူကလီးယား လက်နက် စမ်းသပ်မှု အကြိမ် ၂၀၀ ကျော် ပြုလုပ်ခဲ့ဖူးပါတယ်။
အနောက်တိုင်းက ဂြိုဟ်တုဓာတ်ပုံတွေကနေတဆင့် အမြဲမပြတ် စောင့်ကြည့်နေခဲ့တဲ့ အဲဒီ ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ နွေရာသီက တည်ဆောက်မှုတွေ စတင်နေကြောင်း တွေ့ရှိခဲ့ရတာပါ။
အနောက်တိုင်းက ပေးပို့ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေနဲ့ ရုရှားနိုင်ငံထဲကို တိုက်ခိုက်ခွင့်ပြုမယ်ဆိုရင် အနောက်တိုင်းနဲ့ ရုရှား တိုက်ရိုက် စစ်ဖြစ်လာနိုင်တယ်လို့ သမ္မတ ပူတင်က ခြိမ်းခြောက်ထားပါတယ်။
ရုရှားရဲ့ နျူကလီးယား လက်နက် စမ်းသပ်ရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ် အန်ဒရေး ဆန်နီလ်ဆန်က အစိုးရပိုင် သတင်းစာနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ နျူကလီးယား လက်နက် စမ်းသပ်ရေး အချိန်မရွေး အသင့် ရှိနေပြီလို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရာနှုန်းပြည့် စမ်းသပ်မှု ပြန်လည် စတင်ဖို့ နေရာလည်း အသင့်ဖြစ်နေပြီ ဖြစ်သလို ဝန်ထမ်းတွေရော ဓာတ်ခွဲခန်းနဲ့ စမ်းသပ်ရေး အဆောက်အအုံတွေရော အသင့်ဖြစ်နေပြီ လို့ သူက ပြောပါတယ်။
ရုရှားဟာ နျူကလီးယား လက်နက် စမ်းသပ်မှု တားမြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလက နုတ်ထွက်ခဲ့ပါတယ်။
သမ္မတ ပူတင်က ရုရှားအနေနဲ့ လိုအပ်လို့ ရှိရင် နျူကလီးယား လက်နက် စမ်းသပ်မှု ပြုလုပ်သွားမှာ ဖြစ်ပေမယ့် လောလောဆယ် လုပ်စရာအကြောင်း မရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇွန်က ပြောကြားခဲ့ပါတယ်။
အခုရာစုနှစ်အတွင်း နျူကလီးယား ပေါက်ကွဲမှု ပါဝင်တဲ့ စမ်းသပ်မှု ပြုလုပ်ထားတာ မြောက်ကိုရီးယား တစ်နိုင်ငံတည်းရှိပါတယ်။
Ref:Reuters