သံဖြူဇရပ်၊ စက်တင်ဘာ ၁၉
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်ကနေတဆင့် အနန်းကွင်းဗျူဟာထံ စစ်ကူလာတဲ့ စစ်ကောင်စီ စစ် ကြောင်း တစ်ရက်တည်းသုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် ငါးဦးသေဆုံးခဲ့တယ်လို့ တောင်ညိုစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
တပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စက်တင်ဘာ ၁၇ ရက်နေ့က အတွင်းစခန်းကြီးနဲ့ ရဲတံခွန်ကျေးရွာတို့မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက သုံးကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီ ကြားဖြတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ငါးဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ် ရာရရှိခဲ့ပါတယ်။ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ညိုစစ်ကြောင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီစစ်ကြောင်းဟာ အနန်းကွင်းဗျူဟာဘက်က ဆက် လက်ထွက်ခွာသွားပြီး တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေကလည်း အဲဒီစစ်ကြောင်းကို ဆက်လက်ပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့ကလည်း အနန်းကွင်းဗျူဟာကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သံဖြူဇရပ်မြို့နယ် ခုနှစ်ဝါကျေးရွာ တာဝါတိုင်ကုန်းအနီး ရော်ဘာတောထဲမှာ ကြားဖြတ်တိုက် ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ၉ ဦး သေဆုံးခဲ့ပါတယ်။
တိုက်ပွဲအတွင်း ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီဘက်က ပြန်လည်ကောက်ယူတာ မရှိတဲ့အတွက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေဘက်က မြေမြှုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ သံဖြူဇရပ် – ဘုရားသုံးဆူလမ်းပေါ်မှာရှိတဲ့ အနန်းကွင်းဗျူဟာ မကျရေးအတွက် စစ်ကူပို့တာ၊ လက်နက်ကြီးနဲ့လေကြောင်းအသုံးပြုပြီး အပြင်းအထန်ခုခံနေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-တောင်ညိုစစ်ကြောင်း