မကွေး စက်တင်ဘာ ၁၈

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ သူလျှိုလုပ်မှုနဲ့ စစ်ဆေးနေတဲ့ စစ်ကောင်စီ သတင်းပေးတစ်ဦးကို လိုက်ဖမ်းရင်း ရဲဘော်တစ်ဦး ရေနစ်ပြီး ကျဆုံးသွားတယ်လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က စက်တင်ဘာ ၁၆ ရက်မှာ သတင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်​ဘာ ၁၃ ရက် ညနေ ၆ နာရီ ၃၀ မိနစ်အချိန်မှာ မင်းတုန်းမြို့နယ် ပ.က.ဖ ရဲဘော်တွေဟာ စစ်ကောင်စီ ထောက်တိုင် သူလျှိုသတင်းပေး တစ်ဦးကို စစ်ဆေးနေစဉ်မှာ အဲဒီ စစ်ဆေးခံနေရသူထွက်ပြေးသွားတာကြောင့် လိုက်လံဖမ်းဆီးရင်း ပ.က.ဖ ရဲဘော် ပါဝါ ကျဆုံးသွားတာ လို့ သိရပါတယ်။

“ထွက်ပြေးသွားတဲ့ ဒလန်(သတင်းပေး) ကတော့ ရေနစ်တဲ့ ရဲဘော်ကို ကျွန်တော်တို့ ဆယ်ရင်းတန်းလန်းနဲ့ အချိန်ကြန့်ကြာသွားတဲ့အတွက် သူ့ကို လိုက်ဖမ်းဆီးတဲ့အခါမှာ ခပ်လှမ်းလှမ်းရောက်နေတယ်။ အဲဒါနဲ့ လိုက်ပြီးတော့မှ ပစ်ခတ်ဖမ်းဆီးရင်းနဲ့ သေသွားပါပြီ” လို့ မင်းတုန်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဗဟိန်းက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းလာရင် ရှောင်ရှားကြဖို့နဲ့ မင်းတုန်း ပ.က.ဖ ကို အချိန်မီ သတင်းပေးကြမှသာ အခြား စစ်ကြောင်းအန္တရာယ်ရှိတဲ့ ပြည်သူတွေကို သတိပေးနိုင်မှာ ဖြစ်တယ်လို့ ကိုဗဟိန်းက ဆက်ပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ ဆေးဝါး၊ ရိက္ခာလိုအပ်ချက်တွေရှိရင် မင်းတုန်းမြို့နယ် ပ.က.ဖ ကို ဆက်သွယ်ကြဖို့နဲ့ တတ်နိုင်သမျှကူညီသွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်ကလည်း ခုန်တိုင်ကျင်းကျေးရွာ အရှေ့ဘက်မှာရှိတဲ့ တောင်ကြောပေါ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့​ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁ ဦးသေဆုံး ၃ ဦးထက်မနည်းဒဏ်ရာရကာ မင်းတုန်း ပ.က.ဖ ရဲဘော်တစ်ဦး ခြေထောက်ကျည် ထိမှန်ခဲ့ပါသေးတယ်။

အဲဒီစစ်ကြောင်းဟာ ခုန်တိုင်ကျင်းကျေးရွာက အဘိုးအိုတစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာသားတွေရဲ့ အိမ်မွေးတိရစ္ဆာ​န်​တွေကို သတ်ဖြတ်စားသောက်ကာ ပြည်သူပိုင်စ္စည်းတွေကို ခိုးယူသွားလို့ ကျပ်သိန်း ၂၀၀ ကျော်ဖိုးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ခုန်တိုင်ကျင်းကျေးရွာက စစ်ကောင်စီစစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – မင်းတုန်း ပ.က.ဖ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.