ဒါကာ၊ စက်တင်ဘာ ၁၈

ပြီးခဲ့တဲ့လမှာ အာဏာရှင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ပြုတ်ကျစေခဲ့တဲ့ ဆန္ဒပြပွဲတွေကို အကြမ်းဖက် တိုက်ခိုက်ရာမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရသူ စာနယ်ဇင်းသမား နှစ်ဦးနဲ့ စာရေးဆရာ တစ်ဦးကို ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်မှာ ရမ္မာန်နဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ အစိုးရနဲ့ သူ့ရဲ့ အဝါမီလိဂ် ပါတီ အပေါ် သစ္စာခံသူတွေဟာ စွပ်စွဲမှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတဲ့အထဲ ဒါက နောက်ဆုံး ထွက်ပေါ်လာတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

အရင် အစိုးရလက်လက်က ဝန်ကြီးတွေနဲ့ လွှတ်တော် အမတ်ဟောင်းတွေဟာလည်း လူသတ်မှုနဲ့ စွပ်စွဲခံထားရတာဖြစ်ပါတယ်။

ဆန္ဒပြသူတွေကို အကြမ်းဖက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဆက်စပ်ပြီး ဖမ်းဆီးခံရတဲ့ စာနယ်ဇင်းသမား ၂၅ ဦး ထက်မနည်း ရှိပြီး မိမိတို့ အနေနဲ့ ပြစ်တင် ရှုတ်ချကြောင်း မီဒီယာစောင့်ကြည့်ရေး နယ်စည်းမထား သတင်းထောက်များ အဖွဲ့ရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

အခု အဖမ်းခံရသူ သုံးဦးကို စွဲချက်တင်ထားတဲ့ လူသတ်မှုနဲ့ဆိုင်တဲ့ အမှုတွေဟာ ပြီးခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သေဆုံးသွားသူတွေရဲ့ ဆွေမျိုးသားချင်းတွေ ဖွင့်ထားတဲ့ အမှုတွေ ဖြစ်ပါတယ်။

Bhorer Kagoj နေ့စဉ် သတင်းစာ အယ်ဒီတာ ရှယာမော ဒူဟာ ဖမ်းဆီးခံထားရတာ တစ်ပတ်ရှိပြီ ဖြစ်ပြီး လူသတ်မှုနဲ့ အမှု ရင်ဆိုင်ရဖို့ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ချ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Ekattor TV ရုပ်သံလိုင်း အယ်ဒီတာချုပ် မိုဇမ်မဲလ် ဘာဘူလည်း ဖမ်းဆီးခံထားရပြီး သူတို့ သတင်းဌာန နှစ်ခုစလုံးဟာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ထောက်ခံတဲ့ သတင်းဌာနတွေ ဖြစ်ပါတယ်။

စာရေးဆရာ ရှာဟီရာ ကာဘာလည်း အလားတူ စွဲချက်နဲ့ပဲ ဖမ်းဆီးခံထားရတယ်လို့ ဒါကာမြို့ ရှိ ရမ်နာ ရဲစခန်းမှ စခန်းမှူးက ပြောပါတယ်။

ကာဘာဟာ ဝန်ကြီးချုပ်ဟောင်း ဟာဆီနာကို ဆန့်ကျင်တဲ့ နိုင်ငံရေးသမားတွေကို စစ်ခုံရုံးတင်ပြီး စစ်ဆေးသင့်တယ်လို့ တိုက်တွန်း ခဲ့သူဖြစ်ပြီး နိုင်ငံရေး ပြိုင်ဖက်တွေကို ရှင်းလင်း သုတ်သင်ဖို့ ကြိုးပမ်းမှု အဖြစ် ရှုမြင်ခံခဲ့ရပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဟာဆီနာ အစိုးရဟာ လူအစုလိုက် အပြုံလိုက် ဖမ်းဆီးတာ၊ နိုင်ငံရေး ပြိုင်ဖက်တွေကို ဥပဒေပြင်ပ သတ်ဖြတ်တာတွေ အပါအဝင် ဥပဒေချိုးဖောက်မှု အများကြီးနဲ့ စွပ်စွဲခံထားရပါတယ်။

ဟာဆီနာ အိန္ဒိယသို့ ထွက်ပြေးသွားခဲ့ရတဲ့ အချိန်အထိ သီတင်းပတ်ပေါင်းများစွာ ကြာမြင့်တဲ့ ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၆၀၀ သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂကတော့ အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အဲဒီထက် များနိုင်ပြီး အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်သူတွေကို စွဲချက်တင်နိုင်ရေး အချက်အလက်တွေ စုဆောင်းနေပြီလို့ ပြောထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.