မကွေး စက်တင်ဘာ ၁၈
မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီလက်အောက် တာဝန်ထမ်းခဲ့တဲ့ တပ်ပြေးနဲ့ရဲပြေးတွေ များလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလတွေမှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် အခုလိုမျိုး တပ်ပြေးနဲ့ရဲပြေးတွေ များလာတာဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ သူတို့ဘက်က အထိနာတယ်။ ဒီဘက်က ပြေးတဲ့ရဲတွေကလည်း လူငယ်တွေ များတယ်။ တိုက်ပွဲမှာ သူတို့ပါတော့ သွေးပျက်တာတွေလည်း ပါမယ်ထင်တယ်။ ဘယ်ကိုပြေးတယ် ဆိုတာတော့ မသိရဘူး” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်လနီးပါးအတွင်း တိုက်ပွဲတွေဖြစ်ပွားပြီးနောက်ပိုင်းမှာ မဲဇလီရဲစခန်းက ရဲနှစ်ဦးနဲ့ ဝါစိုက်ပျိုးရေးတပ်က စစ်သား ၃ ဦးထွက်ပြေးသွားတယ်လို့ သိရပါတယ်။
“အဓိကက လက်နက်ပါရမယ်။ ပြစ်မှုလုပ်ထားတာ မရှိရဘူး။ ကျွန်တော်တို့ နေသလိုနေနိုင်ရမယ် စတာတွေကော အခြား မူဝါဒတွေကော ရှိတဲ့အတွက် ဒါတွေကို လုံတဲ့သူကသာ ကျွန်တော်တို့နဲ့ ပူးပေါင်းမှာ ဖြစ်ပါတယ်” လို့ မင်းဘူးခရိုင်ရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ဒီလို ထွက်ပြေးသွားသူတွေ လာရောက်ပူးပေါင်းခြင်း ရှိ၊ မရှိကိုတော့ မဖြေပေးနိုင်သေးဘူးလို့ အဲဒီ ကာကွယ်ရေး တပ်ဖွဲ့ဝင်က ပြောပါတယ်။
အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ၃၀ ဦးထက်မနည်း ထိခိုက်သေဆုံးထားပြီး အနီးအနားရှိ ကျေးရွာတွေကတော့ စစ်ဘေးရှောင်နေရဆဲဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media