ကြာအင်းဆပ်ကြီး၊ စက်တင်ဘာ ၁၉
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ လက် နက်ကြီး၊ လေကြောင်းရန်အတွက် ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သတိပေးပြောဆိုလိုက်ပါတယ်။
KNLA တပ်မဟာ ၆ တော်လှန်ရေးအင်အားစုနဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ-သံဖြူဇရပ်လမ်း အနန်းကွင်းကျေးရွာအနီးက ဖားပြကျေးရွာထဲကို စက်တင်ဘာ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က ၁၅၅ မမ ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ နှစ်ရက်ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာကနေတစ်ဆင့် ဟောင်ဝစ်ဇာလက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ လှမ်းပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ဖားပြကျေးရွာထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အပင်တချို့နဲ့ အဆောက်အဦ၊ အသုံးအဆောင် ပစ္စ ည်းအချို့ ထိခိုက်ပျက်စီးမှုရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဖားပြဒေသခံရွာသူရွာသားတွေ ထိခိုက်မှုမရှိခဲ့ပေမယ့် ရွာသူရွာသားအချို့မှာ တိမ်းရှောင်နေရတာတွေ ရှိနေတယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဖားပြကျေးရွာ အနီးရှိ KNLA တော်လှန်ရေးအင်အားစုအဖွဲ့ ဝိုင်းရံပိတ်ဆို့ထားတဲ့ အနန်းကွင်းစစ်ဗျူဟာနဲ့ ပူးပေါင်းအဖွဲ့ တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ လွတ်ရှမ်းစခန်းဘက်ကို စစ်ကောင်စီတပ်က မြေပြင်ကနေ စစ်ကူတွေ လာရောက်မပို့ဆောင်နိုင်တော့တဲ့အတွက် အခုလိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တာ ဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့ကလည်း ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်း၊ ဖားပြကျေးရွာအနီးရှိ ကျုံခဝန်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သေးပြီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျုံခဝန်ရွာက ကလေးတစ်ဦးအပါအဝင် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာတွေအပေါ်မှာ စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှု၊ လက် နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်ပြုလုပ်လာနိုင်တဲ့အတွက် ကျေးရွာနေပြည်သူလူထုတွေအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်ကို ကြိုတင်ပြင်ဆင်ထားသင့်ပြီး ဂရုတစိုက်နေထိုင်ကြဖို့ ဒေသခံပြည်သူတွေအချင်းချင်းက သတိပေးပြောဆိုနေကြပါတယ်။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းပေါ် အနန်းကွင်းဗျူဟာစခန်း မကျရေး အတွက် လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေကို အသုံးပြုတိုက်ခိုက်ခဲ့တဲ့အတွက် ဒေ သခံပြည်သူတွေရဲ့ နေအိမ်အဆောက်အဦးတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ တော် လှန်ရေးပူးပေါင်းအဖွဲ့ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ