နယူးဒေလီ၊ စက်တင်ဘာ ၁၇

အိန္ဒိယမှာ မွတ်စလင်တွေ အပေါ် ပြုမူဆက်ဆံပုံနဲ့ ပတ်သက်လို့ အီရန် ထိပ်တန်း ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ပြောဆိုမှုတွေဟာ မှားယွင်းပြီး လက်မခံနိုင်စရာ ဖြစ်တယ်လို့ နယူးဒေလီ အစိုးရက ပြောကြားပြီး ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

မြန်မာ၊ ဂါဇာ၊ အိန္ဒိယနဲ့ အခြားနေရာတွေမှာ မွတ်စလင်တွေ ထိခိုက်ခံစားနေရတာကို မိမိတို့ အနေနဲ့ သတိမထားဘူး မစိုးရိမ်ဘူးဆိုရင် မိမိတို့ကိုယ် မိမိတို့ မွတ်စလင်တွေပါလို့ မှတ်ယူလို့ မရဘူးလို့ အီရန် ခေါင်းဆောင်ကြီး ခါမေနီက လူမှုမီဒီယာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီ မှတ်ချက်တွေနဲ့ ပတ်သက်လို့ အများကြီး စိတ်ထိခိုက်ရတယ်လို့ တုံ့ပြန်ပြောဆိုထားပါတယ်။

လူနည်းစုဝင်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာက မှတ်ချက်ပြုရာမှာ အခြား လူတွေ အကြောင်း မပြောခင် ကိုယ်ကိုယ်တိုင်ရဲ့ မှတ်တမ်း မှတ်ရာတွေကို ပြန်ကြည့်ရမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနှစ်နိုင်ငံဟာ များသောအားဖြင့် အားကောင်းဆဲ ဆက်ဆံရေး ရှိပြီး အီရန် ဆိပ်ကမ်း ရှာဘာဟာကို တည်ဆောက် အသုံးပြုရေး ပြီးခဲ့တဲ့ မေလမှာ နှစ်နိုင်ငံ သဘောတူညီမှု လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ပြိုင်ဖက် ပါကစ္စတန်ရှိ ကရာချီနဲ့ ဂျီဝါဒါ ဆိပ်ကမ်းတွေကို ရှောင်ရှားပြီး အီရန်၊ အာဖဂန်နစ္စတန်နဲ့ အာရှ အလယ်ပိုင်းနိုင်ငံတွေ အတွက် ကုန်စည် ပို့ဆောင်ရေး လမ်းကြောင်းအဖြစ် အိုမန် ပင်လယ်ကွေ့ တလျှောက်မှာရှိတဲ့ အီရန်ပိုင် ကမ်းရိုးတန်းမှာ အိန္ဒိယက အဲဒီဆိပ်ကမ်းကို တည်ဆောက် နေတာ ဖြစ်ပါတယ်။

ဒီလို ဆက်ဆံရေး ကောင်းပေမယ့်လည်း ခေါင်းဆောင်ကြီး ခါမေနီဟာ မွတ်စလင် လူများစု နေထိုင်ရာ ကက်ရှ်မီးယား ဒေသနဲ့ အိန္ဒိယ မွတ်စလင်တွေ ပါဝင်တဲ့ အရေးကိစ္စတွေမှာ အိန္ဒိယကို မကြာခဏ ဝေဖန်လေ့ ရှိပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.