ရေး၊ စက်တင်ဘာ ၁၇

မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုမှ စစ်ကောင်စီရဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ ပြည်သူ့ ရင်ခွင် ခိုလှုံလာတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းဖြစ်တဲ့ ဒေါနစစ်ကြောင်းထံကနေ သိရပါတယ်။

ဗျူဟာ ၃၃ နယ်မြေအတွင်းရှိ ဒေါနစစ်ကြောင်းရဲ့ စစ်ရေးလှုပ်ရှားတဲ့ နယ်မြေအတွင်းကို စစ်ကောင်စီရဲ့ ဗိုလ်မှူး အဆင့်ရှိတဲ့ အရာရှိနှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တာပါ။

အလင်းဝင်လာတဲ့ ဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ ရေးမြို့နယ်အခြေစိုက် တပ်ရင်းတစ်ခုက ဖြစ်ပြီး တပ်ရင်းအ မှတ်နဲ့ နာမည်တွေတော့ မိသားစု လုံခြုံရေးအတွက်ကြောင့် ဖော်ထုတ် မပြောကြားဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

အဲဒီအရာရှိနှစ်ဦး အလင်းဝင်လာတဲ့အချိန်မှာ အရာရှိတစ်ဦးဟာ MA-3 သေနတ်တစ်လက်နဲ့ MA-5 သေနတ် တစ်လက် ယူဆောင်လာပြီး ကျန်တစ်ဦးဟာ လက်နက်ခဲယမ်း ယူဆောင်လာခြင်း မရှိပေမယ့် သူတို့နှစ်ဦးကို ထိုက်သင့်တဲ့ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ခဲ့ပါတယ်။

လက်နက်ခဲယမ်း ယူဆောင်လာတဲ့ အရာရှိတစ်ဦးကို ပါလာတဲ့ လက်နက်အမျိုးအစားပေါ် မူတည်ပြီး ဂုဏ်ပြုဆု ငွေ ကျပ် ၁၁၅ သိန်း ချီးမြင့်ခဲ့သလို ကျန်အရာရှိတစ်ဦးကိုတော့ ဂုဏ်ပြုဆုငွေ ကျပ် ၁၀ သိန်း အသီးသီး ချီးမြင့်ခဲ့တယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြန်ကြားရေး တာဝန်ခံက ရဲဘော်ယုယ သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီဗိုလ်မှူးအဆင့်ရှိ အရာရှိနှစ်ဦးဟာ အရင်ကတည်းက အလင်းဝင်ဖို့ စီစဉ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ကြောင့် အခွင့်အရေးမရတာနဲ့ တပ်တွင်း အထက်အောက် ဖိနှိပ် အနိုင်ကျင့်မှုတွေနဲ့ ပြည်သူတွေကို သတ်ဖြတ် တာတွေ မလုပ်ချင်တာကြောင့် ပြည်သူ့ရင်ခွင် ခိုလှုံရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးအဆင့်ရှိတဲ့ အရာရှိတွေ အပါအဝင် တပ်သားနဲ့ ရဲ စုစုပေါင်း ၄၁ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်း၊ ပကဖတွေမှာ အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.