ပဲခူး ၊ စက်တင်ဘာ ၁၈
နိုင်ငံအနှံ့ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုအကူအညီတွေပေးဖို့ ကု လသမဂ္ဂအပါအဝင် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့တို့က တောင်းဆိုလိုက်ပါတယ်။
ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးမှုတွေအတွက် NUG ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးစီမံခန့်ခွဲမှုဝန်ကြီးဌာန၊ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့က စက်တင်ဘာ ၁၇ ရက်နေ့မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။
စက်တင်ဘာအစောပိုင်းမှာ တောင်တရုတ်ပင်လယ်မှာ စတင်ဖြစ်ပေါ်ခဲ့တဲ့ ရာဂီမုန်တိုင်းအရှိန်ကြောင့် မြန်မာနိင်ငံအတွင်းရှိ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရှမ်း၊ ကရင်နီ၊ ချင်းနဲ့ ကရင်စတဲ့ ဒေသတွေမှာ နေရာအနှံ့အပြား မိုးကြီးရေကြီးတာနဲ့ မြေပြိုတာတွေ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီအတွက်ကြောင့် ထိခိုက်ဆုံးရှံးမှုတွေဖြစ်ပေါ်ခဲ့သလို ဆည်တွေရဲ့ ရေပိုလွှဲတွေက ရေထုတ်လွှတ်ခြင်းတို့ကြောင့် မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ရှမ်းပြည်နယ်နဲ့ ကရင်နီပြည်နယ်က ဒေသခံပြည်သူ ထောင်နဲ့ချီ သေဆုံးပျောက်ဆုံးနေဆဲလို့ ကြေညာချက်မှာ ဖော်ပြပါတယ်။
ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ ၇ သိန်းနီးပါး ထိခိုက်နိုင်မယ်လို့ ခန့်မှန်းထားပြီး လူနေအိမ်တွေ ပြိုကျပျက်စီးတာ၊ ပိုင်ဆိုင်မှုပစ္စည်းတွေ ဆုံးရှုံးတာ၊လမ်းတံတားနဲ့ အခြေခံအဆောက်အအုံတွေ ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် စိုက်ပျိုးမြေတွေ ရေလွှမ်းမိုးတာနဲ့ မွေးမြူရေးတိရိစ္ဆာန်တွေ သေကြေပျက်စီးတာတွေနဲ့ ရေသယံဇာတတွေ ပျက်စီးဆုံးရှုံးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ NUG ရဲ့ လူသားချင်းစာနာရေး ဘေးစီမံဌာနနဲ့ EAO သုံးဖွဲ့က ဆိုပါတယ်။
အဲဒီလိုမျိုး ထိခိုက်ပျက်စီးမှုတွေအတွက် ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ အ ရေးပေါ်တုံ့ပြန် ရေးလုပ်ငန်းတွေရရှိနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးပြုပြီး အစွမ်းကုန်ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
ဒါကြောင့် ရေဘေးသင့်ပြည်သူတွေကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ အညီအမျှရရှိစေရေးအတွက် ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံနဲ့တကွ ပြည် တွင်း ပြည်ပအဖွဲ့ အစည်းတွေကို တောင်းဆိုတာပါ။
အဲဒီအကူအညီတွေကို သက်ဆိုင်ရာဒေသအသီးသီးရှိ လူသားချင်းစာနာမှုဝန်ကြီးဌာန တာဝန်ခံတွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံ တိုက်ရိုက်ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။
နိုင်ငံတကာကပေးအပ်တဲ့ လူသားစာနာမှုအကူအညီတွေကို နိုင်ငံရေးနဲ့စစ်ရေးအတွက် အမြတ်ထုတ်ခြင်းမခံရအောင် အထူးသတိပြုပြီး ကူညီကယ်ဆယ်ရေးတွေသာမက ပြန်လည်ထူထောင်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်တွေကိုပါ ရေတိုရေရှည် ကူညီပေးဖို့လည်း ပါဝင်ပါတယ်။
ဒါ့အပြင် စစ်ဘေးနဲ့ သဘာဝဘေးကို တပြိုင်နက်ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာပြည်သူတွေအ တွက် နိုင်ငံတကာလှူဒါန်းမှုတွေ ရရှိစေရေး တိုက်တွန်းနှိုးဆော်ပေးခြင်းနဲ့ ထောက်ပံ့လှူဒါန်းမှုတွေပွင့်လင်းမြင်သာမှုရှိစွာ အသိပေးလုပ်ဆောင်ဖို့လည်း တောင်းဆိုထားတာပါ။
လူသားချင်းစာနာမှုအကူအညီတွေ ပံ့ပိုးပေးရာမှာ ထိခိုက်လွယ်အုပ်စုတွေရဲ့လိုအပ်ချက်တွေကိုပါ ထည့်သွင်းပံ့ပိုးတာ၊ အကူအညီတွေ အလေအလွင့်မရှိစေဘဲ ထိထိရောက်ရောက် စီမံခန့်ခွဲပေးတာနဲ့ စနစ်တကျ စောင့်ကြည့်ကွပ်ကဲတာလည်း ပါဝင်ပါတယ်။
နိုင်ငံအနှံ့နီးပါး ဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် စက်တင်ဘာ ၁၆ ရက်နေ့အထိ သေဆုံးသူ ၂၂၆ ဦး၊ ပျောက်ဆုံးနေသူ ၇၇ ဦးထက်မနည်း ရှိနေပြီး လူဦးရေသုံးသိန်းကျော် အရေးပေါ် ပြောင်းရွှေ့ထားရတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ