နေပြည်တော် ၊ စက်တင်ဘာ ၁၇

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် နိုင်ငံတဝန်းရှိ ပြည်သူ ၂၂၀ ကျော် သေဆုံးပြီး စပါးနဲ့ ကောက်ပဲသီးနှံ စိုက်ဧက ခြောက်သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်ခဲ့တယ်လို့ စစ်ကောင်စီက သ တင်းထုတ်ပြန်ပါတယ်။

ယာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်အပါအဝင် ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာတီတိုင်း၊ ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့တာပါ။

အဲဒီအတွက်ကြောင့် မြို့ နယ် ၅၆ မြို့နယ်က ရပ်ကွက်၊ကျေးရွာတွေမှာ ပြည်သူ ၂၂၆ ဦး သေဆုံးခဲ့ပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ဒါ့အပြင် လမ်း၊တံတားအချို့ ရေတိုက်စားတာ၊ ပျက်စီးတာ၊လူနေအိမ်၊ရုံးဌာနအဆောက်အုံ၊စာသင် ကျောင်းနဲ့ အခြားအဆောက်အအုံတွေ ရေဝင်နစ်မြှုပ်တာ ထိခိုက်ပျက်စီးတာတွေလည်း ဖြစ်ပေါ်ခဲ့သေးတာပါ။

ရေဝင်ရောက်မှုကြောင့် လူနေအိမ် ၂၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သလို နေအိမ်တစ်သိန်းခွဲကျော်လည်း နစ်မြုပ်ခဲ့ရပြီး ကယ်ဆယ်ရေးစခန်းပေါင်း ၄၃၈ ခု ဖွင့်လှစ်ကာ အိမ်ထောင်စု လေးသောင်းနှစ်ထောင်ကျော်၊ လူဦးရေ ၁၆၃,၇၀၀ ကျော်ကို ကူညီကယ်ဆယ်ရေးတွေ ဆောင်ရွက်ခဲ့ရပါတယ်။

တစ်ဘက်မှာ ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ် ၈၄ မြို့နယ်မှာတော့ အခြေခံအ ဆောက်အအုံ၊ ကောက်ပဲသီးနှံနဲ့ တိရစ္ဆာန်တွေ ထိခိုက်ပျက်စီးမှုတွေလည်း အများအပြားရှိခဲ့တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

ရုံးဌာန အဆောက်အအုံ ၁၁၇ လုံး၊စာသင်ကျောင်း ၁၀၄၀၊ ဘာသာရေးအဆောက်အအုံ ၃၈၆ လုံး၊ လမ်းတံတားအချို့၊ လျှပ်စစ်မီးတိုင်နဲ့ ဆက်သွယ်ရေးတိုင်တွေ ရေဝင်နစ်မြုပ်တာ၊ထိခိုက်ပျက်စီးတာတွေလည်း ဖြစ်ပေါ်ခဲ့တာပါ။

ဒါ့အပြင် တိရစ္ဆာန်မျိုးစုံ စုစုပေါင်း ကောင်ရေ ၁၂၈,၃၀၀ ကျော် သေဆုံးခဲ့ပြီး စပါးနဲ့သီးနှံမျိုးစုံ စိုက်ဧက ၆၄၃,၀၀၀ ဧက ရေဝင်နစ်မြုပ်ခဲ့ပြီး ဖော်ပြပါ ကိန်းဂဏန်းတွေဟာ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၄ နာရီအထိ စာရင်းတွေ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ စိုက်ဧကတွေအတွက် ရာသီဥတုနဲ့ ကိုက်ညီတဲ့ သီးနှံတွေ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး လိုအပ်တာတွေ ကူညီပေးမှာဖြစ်ပြီး ရေဘေးသင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြောထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.