မော်လမြိုင် ၊ စက်တင်ဘာ ၁၈
မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုမှာ ပြီးခဲ့တဲ့ သြဂုတ်နောက်ဆုံးအပတ်ကစပြီး မိုးစပါးစိုက်လယ်တွေမှာ စပါးဖျက်ပိုးတွေ ဆိုးဆိုးရွားရွား ကျရောက်နေတယ်လို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသတွင်းက မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နဲ့ မုဒုံမြို့နယ်တွေမှာ စပါးဖျက်ပိုး ဆိုးဆိုးရွားရွား ကျရောက်နေပြီး ကျန်တဲ့မြို့နယ်တွေမှာလည်း စပါးဖျက်ပိုးဝင်ရောက်မှုတွေ ရှိနေတာပါ။
လက်ရှိကျရောက်တဲ့ စပါးဖျက်ပိုးတွေဟာ ဖြုတ်ညိုအမျိုးအစားနဲ့ ဌာနဆိုင်ရာအခေါ် ဖောင်စီးပိုး အမျိုးအစားတွေဖြစ်ပြီး ထိန်းမနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။
ပေါင်မြို့နယ် တောင်သူတစ်ဦးက စပါးဖျက်ပိုးကျရောက်မှု အခြေအနေတော်တော်ဆိုးနေပြီး စိုက် ပျိုးရေးဌာနက ညွှန်ကြားတဲ့ ဆေးနဲ့တောင် မနိုင်တော့တဲ့ အခြေအနေနဲ့ ကြုံနေရတယ်လို့ ပြောပါတယ်။
“ပိုးအခြေအနေက ဆိုးတာမှ တော်တော်လေးကို အခြေအနေဆိုးတယ်။ ဆေးဝါးတွေ ဆေးနဲ့တောင်မနိုင်ဘူး။ ဒါတောင် စိုက်ပျိုးရေးက ညွှန်ကြားတဲ့ဆေးလည်း ဖြန်းတာ။ ဖြန်းလည်းမနိုင်ဘူး။ ဖြုတ်ပိုးလို့တော့ ပြောတာပဲ။ ဖြုတ်ပိုးကနေ စပါးပင်တွေ အောက်အလက်တွေမျိုးကျ။ မျိုးကျပြီးတော့ တစ်ပတ်လောက်ကြာရင် ဝါပြီးတော့ အကုန်လုံးပုပ်ပြီးတော့ ကောက်ရိုးလို ဖြစ်ကုန်ရော၊ ပျက်စီး ဆုံးရှုံးမှု အခြေအနေကတော့ ကစဉ်အလွတ် ဖြစ်သွားတာပေါ့”လို့ ဆိုပါတယ်။
လက်ရှိ ကျရောက်နေတဲ့ စပါးဖျက်ပိုးတွေဟာ စပါးတွေကို ဖျက်ဆီးမှုမြန်တာကြောင့် အချိန်မီ ပိုး သတ်ဆေး မထည့်နိုင်တာ၊ ပိုးသတ်ဆေး ဈေးနှုန်းကြီးမြင့်တာအပြင် လုပ်သားရှားပါးတဲ့အတွက်လည်း ဆုံးရှုံးမှုများလာနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
ဘီးလင်းမြို့နယ် တောင်သူတစ်ဦးကလည်း စပါးဖျက်ပိုး ကျရောက်မှုကို တစ်မြို့နယ်လုံးနီးပါး ရင် ဆိုင်နေရပြီး ငွေကြေးမတက်နိုင်တာကြောင့် ဒီအတိုင်းပစ်ထားရတယ်လို့ ပြောပါတယ်။
“ဘီးလင်းတစ်မြို့နယ်လုံးလိုပဲ အခြေအနေဆိုးတယ်။ ဆိုးတာမှ သူကရှင်းရှင်းပြောမယ်ဆိုရင် စပါးပင်က ကောက်ရိုးပုပ် ဖြစ်သွားတယ်လေ။ အလုပ်သမားရှားပါးတဲ့ ကိစ္စတွေကလည်း ရှိတယ်ဟုတ် လား။ နောက်ပြီး ငွေကြေးရှာဖွေရတာနဲ့ ဆိုတော့ ကျွန်တော်တို့ အချိန်နဲ့တပြေးညီ ဒါကိုမြန်မြန်ဆန်ဆန်မလုပ်နိုင်တဲ့ အတိုင်းအတာတစ်ခု ရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဧက ၅၀ တို့လို ဧကကျယ်သမားတွေကျတော့ မလုပ်နိုင်တော့ဘူးလေ။ ပစ်ထားလိုက်တော့ သေကုန်တယ်လေ”လို့ ဆိုပါတယ်။
လက်ရှိ ကျရောက်နေတဲ့ စပါးဖျက်ပိုးတွေကို နှိမ်နင်းဖို့အတွက်ဆိုရင် ပိုးသတ်ဆေးအနေနဲ့ တစ်ဧကကို ကျပ်တစ်သိန်းဝန်းကျင်မှ တစ်သိန်းခွဲဝန်းကျင်ထိရှိနေတဲ့အတွက် တောင်သူအများစုမလုပ် ဆောင်နိုင်တော့တာကြောင့် ဒေသတွင်း စပါးအထွက်နှုန်းတွေပါ သိသိသာသာ ကျဆင်းလာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
တဖက်မှာတော့ စစ်ကောင်စီ လက်အောက်ခံ စိုက်ပျိုးရေးဌာနက စပါးဖျက်ပိုးတွေကို နှိမ်နင်းဖို့ အကြံဉာဏ်ပေးပေမယ့် ထိရောက်မှုမရှိသလို ထိရောက်တဲ့ ပိုးသတ်ဆေးတွေကလည်း လုံလောက်မှုမရှိတဲ့အတွက် စပါးပင်တွေ ပျက်စီးမှုများနေတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ဟာ မိုးစပါးစိုက်ပျိုဧကပေါင်း ၇ သိန်း နီးပါးရှိတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်စပါးတင်းပေါင်း သိန်း ၄၃၀ ကျော် ထွက်ရှိနေကာ ဒီနှစ်မှာတော့ ရေကြီးမှုကြောင့် ပျက်စီးတာအပြင် လက်ရှိ စပါးဖျက်ပိုး ကျရောက်မှုတွေကိုပါ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ